ပီအက်စ်ဂျီကတော့ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ခွင့်ပေးရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဘတ်ပီကို ၃ နှစ် စာချုပ်သစ်ချုပ်ဆိုထားရာမှာ စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်ရှိတော့ပြီး နောက်ထပ်သက်တမ်း ၁ နှစ် သက်တမ်းတိုးခွင့် ရှိပေမယ့် ကစားသမားက အဆိုပါသက်တမ်းတိုးမှုကို မလုပ်ချင်ဘူးလို့ ဆိုတာကြောင့် လာမယ့်ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ပေးရဖွယ်ရှိနေတာပါ။
ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့ပြီးမှ ပီအက်စ်ဂျီက ငွေကြေးအများအပြားပေးချေကာ စာချုပ်သစ်ကမ်းလှမ်းခဲ့ပြီး ပြင်သစ်သမ္မတမာခရွန်ကိုယ်တိုင်ကလည်း ပဲရစ်မှာ ဆက်ကစားဖို့ တိုက်တွန်းခဲ့လို့သာ စာချုပ်သစ်ချုပ်နိုင်ခဲ့တာပါ။ အခုအခါမှာတော့ ဘတ်ပီက အသင်းမှာ ဆက်လက်ကစားဖို့ထက် ချန်ပီယံလိဂ်ဖလားရယူနိင်မယ့် အသင်းကို ပြောင်းရွှေ့ချင်နေပြီလို့ ယူဆရပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း ဘတ်ပီကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေပြီး အခွင့်အရေးရတာနဲ့ စည်းရုံးသွားမှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘတ်ပီက ရီးရဲလ်ရဲ့ အဓိကပစ်မှတ်တိုက်စစ်မှူးလို့ ဆိုနိုင်ပြီး ပြီးခဲ့တဲ့ရာသီအစောပိုင်းမှာ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီက သူတို့ကစားသမားကို ငွေပုံပေးကာ စည်းရုံးသွားခဲ့နိုင်ပါတယ်။
ဒါကြောင့် ဒီတခါမှာလည်း ပီအက်စ်ဂျီတို့ ဘတ်ပီအတွက် ငွေကြေးအများအပြား အကုန်အကျခံရဖွယ် ရှိနေပြန်ပါပြိ။ ပြီးခဲ့တဲ့ တကြိမ် စာချုပ်သက်တမ်းတိုးခဲ့တုန်းက လက်မှတ်ထိုးကြေးချည်းပဲ ဘတ်ပီက ယူရိုသန်းပေါင်းများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့သာ ဘတ်ပီပါ ထွက်မယ်ဆိုရင်တော့ ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာတို့ကို လက်လွှတ်ရပြီး နောက်တနှစ်မှာပဲ ဘတ်ပီကို ထပ်မံဆုံးရှုံးမှာ ဖြစ်ပါတယ်။