သုံးယောက်တွဲကစားတဲ့ အနေအထားနဲ့ ပတ်သက်လို့ အမ်ဘာပေက ပြောကြားခဲ့တာပါ။

PSG ရဲ့ အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေက အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့အတွက် အသိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မက်ဆီ PSG ကို ရောက်ရှိလာပြီးနောက် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ တိုက်စစ်အတွဲကို ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပေမယ့် လက်ရှိအချိန်အထိတော့ ဒီတိုက်စစ်အတွဲဆီကနေ တည်ငြိမ်တဲ့ခြေစွမ်းတွေ မမြင်တွေ့ရသေးပါဘူး။

တစ်ဦးချင်းကောင်းမွန်တဲ့ ဒီကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွဲဖက်ကစားတဲ့နေရာမှာ လက်ရှိအချိန်အထိ နားလည်မှုမရှိသေးဘူးလို့ ပရိသတ်အချို့က ယူဆနေသလို ပိုချက်တီနိုကလည်း အသင်းအတွက် အချိန်ယူဖို့ လိုအပ်တယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်မှာလည်း အမ်ဘာပေက “အခုလိုမျိုး ထိပ်တန်းကစားသမားတွေ အချင်းချင်းတွဲကစားနေတဲ့အခါမျိုးမှာ ခင်ဗျားဆီမှာ ကိတ်မုန့်တစ်ခုရှိတယ်ဆိုရင် အဲ့ဒါကို သုံးယောက်လုံးအတူတူ ဝေမျှစားနိုင်အောင် လုပ်ပေးရပါမယ်”

“တစ်ယောက်နဲ့တစ်ယောက် ဘောလုံးပေးကစားတာမျိုး မလုပ်နိုင်ဘူးလို့ သွားပြောနေစရာအကြောင်းမရှိပါဘူး။ ပါးနပ်မှုရှိဖို့လိုအပ်ပါတယ်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အခိုက်အတန့်တွေကတော့ အမြဲတမ်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် အဓိက စိတ်နှစ်ထားတာကတော့ ကျွန်တော်တို့သုံးယောက်က PSG အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မယ်ဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ မက်ဆီရောက်လာသည့်တိုင် အသင်းကထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကိုပြောင်းလဲခဲ့ခြင်းမရှိပါဘူး။ ဒါကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးအစီအစဥ်တွေမှာ အမ်ဘာပေက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီရောက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ PSG ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာတော့ အမ်ဘာပေ၊ မက်ဆီ၊ နေမာ၊ ဒီမာရီယာတို့ အတွဲညီညီလေ့ကျင့်ရင်း ခြေစွမ်းပြနေတဲ့ ဗီဒီယိုတွေကို မြင်တွေ့ခဲ့ရတာကြောင့် PSG တိုက်စစ်အပေါ် ပရိသတ်တွေ အကြီးအကျယ်မျှော်လင့်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ “မှန်းချက်နဲ့နှမ်းမထွက် မကိုက်သေးဘူး” လို့ဆိုရပါလိမ့်မယ်။ 

Share

က္က