မက်ဆီတယောက် ဒီနှစ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ရည်ရွယ်ထားတာပါ။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အသင်းရဲ့တိုက်စစ်ကစားသမား မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပြီး တသင်းလုံးကလည်း ဒီအတွက် ကြိုးစားနေကြတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ ဒီနေ့ညမှာတော့ ပြင်သစ်လီဂူးပွဲစဥ်အဖြစ် ရန်းနက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။



 

အဲ့ဒီနောက် လာမယ့်ဖေဖော်ဝါရီ (၁၆) မှာ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အဖြစ် အိမ်ကွင်းမှာ ကစားဖို့ ရှိပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီကိုခေါ်ယူပြီးနောက် ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အဓိကပစ်မှတ်ထားနေပြီး မက်ဆီကိုယ်တိုင်ကလည်း ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို အမှီလိုက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

 

ဒီလိုအနေအထားမျိုးမှာ မက်ဆီရဲ့ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ ပိုချက်တီနိုက “လူတိုင်းက မက်ဆီအကြောင်း ကောင်းကောင်းသိပါတယ်။ သူက စပိန်မြေမှာ ဘာစီလိုနာနဲ့ နှစ်ပေါင်း (၂၀) ကြာ အတူတူရှိခဲ့ပါတယ်။ ပြိုင်ဆိုင်မှုဆိုတာက သူ့သွေးသားဗီဇထဲမှာ စီးဆင်းနေပြီး မက်ဆီအကြိုက်ဆုံးကလည်း ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးပါ”

 

“သူက တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ သားရဲတိရစ္ဆာန်တကောင်နဲ့တူပြီး မက်ဆီ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချင်တယ်ဆိုတာ၊ ကျနော်တို့ ချန်ပီယံလိဂ်ဖလားရယူချင်တယ်ဆိုတာက သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ သူက ဒါကို သူ့ရဲ့ သွေးသားထဲမှာကို ထည့်သွင်း စီးဆင်းစေတာပါ။ ဒါကပဲ သူ့ရဲ့ ဒီအင်န်အေစစ်စစ်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

မက်ဆီဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးငါးဂိုးအထိ သွင်းယူပေးထားပြီး ပြင်သစ်လီဂူးမှာ ရုန်းကန်နေရသည့်တိုင် ချန်ပီယံလိဂ်မှာတော့ ခြေစွမ်းပြနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီက ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ်ဖလား (၄) ကြိမ်ဆွတ်ခူးထားပြီး ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ဖလား (၅) ကြိမ် ဆွတ်ခူးထားတာကြောင့် မက်ဆီက ဒီနှစ်မှာ ဒါကို အမှီလိုက်နိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ 

Share

က္က