မက်ဆီနဲ့ညစာအတူစားမယ်လို့ ရော်နယ်ဒိုက ပြောခဲ့ဖူးတာပါ။

လက်ရှိ ဘောလုံးလောကရဲ့ ခေတ်တခုကို ကောင်းကောင်းလွှမ်းမိုးခဲ့၊ အပြိုင်အဆိုင် ရှိခဲ့တဲ့ ရော်နယ်ဒိုနဲ့မက်ဆီတို့အကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ တင်းမာနေလိမ့်မယ်လို့ အများစုက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီလိုမရှိခဲ့ပါဘူး။



နှစ်ယောက်အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ထားပြီး မက်ဆီကလည်း ရော်နယ်ဒိုကြောင့် ပိုကောင်းလာခဲ့သလို၊ ရော်နယ်ဒိုကလည်း မက်ဆီကြောင့် ပိုကောင်းလာတယ်ဆိုတာကို ဝန်ခံခဲ့ဖူးပါတယ်။ ပရိသတ်တွေအကြားမှာတော့ ဒီကစားသမားနှစ်ယောက်ရဲ့ ပရိသတ်တွေ သပ်သပ်ကို ကွဲထွက်နေခဲ့ပြီး ဆိုးရွားတဲ့ အငြင်းအခုံ တိုက်ပွဲတွေရှိနေဆဲပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ မက်ဆီနဲ့ အတူတူ ညစာစားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောကြားခဲ့ဖူးပြီး ရော်နယ်ဒို ဒီလိုပြောကြားခဲ့တဲ့ ဗီဒီယိုဖိုင်က အခုချိန်မှာတော့ ကြည့်ရှုသူပေါင်း သန်း (၅၀) ကျော်သွားပြီလို့ သိရှိရပါတယ်။ ဒီဗီဒီယိုထဲမှာ ရော်နယ်ဒိုက “ကျနော် သိပ်သိချင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်နဲ့သူနဲ့က စင်မြင့်တခုတည်းအပေါ်မှာ (၁၅) နှစ်ကြာ အတူတူ ရှိခဲ့တာကိုး”

“ဘောလုံးလောကမှာ ဒါမျိုး ဖြစ်ခဲ့ဖူးလား ကျနော် မသိပါဘူး။ တူညီတဲ့အချိန်မှာ တူညီတဲ့ ကစားသမားနှစ်ယောက်တည်းကပဲ ဒီလိုမျိုး အပြိုင်အဆိုင်ဖြစ်ခဲ့တယ်ဆိုတာပေါ့။ ဒီတော့ ဒါက လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး”

“ကျနော်တို့နှစ်ယောက်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတခုကို တည်ဆောက်ထားပါတယ်။ အခုထိ ကျနော်တို့ ညစာ အတူတူ မစားဖူးသေးပေမယ့် လာမယ့်အနာဂတ်မှာ ဒါမျိုး ဖြစ်လာဖို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီစကားကို လွန်ခဲ့တဲ့နှစ်နှစ်က မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်မဲခွဲပွဲမှာ ပြောကြားခဲ့တာပါ။ လက်ရှိအချိန်ထိတော့ သူတို့နှစ်ယောက်အတူတူ ညစာမစားဖြစ်သေးဘဲ ဘယ်အချိန်မှာ အတူတူစားဖြစ်မလဲဆိုတာတော့ ဆက်လက် စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က