ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနဲ့ လီယွန်နယ်မက်ဆီတို့ဟာ ရာသီကုန်မှာ လမ်းခွဲလိမ့်မယ်လို့ ပြင်သစ်နာမည်ကျော်သတင်းဌာန L'Equipe က ဖော်ပြလိုက်ပါတယ်။ မက်ဆီကို အသင်းဟောင်း စပိန်လာလီဂါကလပ် ဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီသတင်းက သူတို့အတွက်တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။
မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးတာပါ။ ဒါကြောင့် သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေက အလွတ်ခေါ်ယူနိုင်မှာဖြစ်ပြီး ဆော်ဒီကလပ်တွေကလည်း လုပ်အားခ အများအပြားပေးချေကာ မက်ဆီကို ဆွဲဆောင်နေကြပါတယ်။
ပီအက်စ်ဂျီဟာ မက်ဆီကို ထိန်းသိမ်းထားချင်ပေမယ့် လက်ရှိအသင်းရလဒ်တွေနဲ့ အသင်းတွင်းပြသနာတွေက မက်ဆီကို စိတ်ပျက်လက်ပျက်ဖြစ်နေစေပါတယ်။ ပီအက်စ်ဂျီဟာ လီဂူးမှာ အိမ်ကွင်းနှစ်ပွဲဆက်အရေးနိမ့်ကာ ဒုတိယနေရာက လန်းစ်နဲ့ ၆ မှတ်သာကွာတော့လို့ အမှတ်ပေးဖလားအတွက် ဖိအားတွေဝင်နေပြီဖြစ်ပါတယ်။
မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေကလည်း ဆက်တိုက်လှောင်ပြောင်မှုတွေ ပြုလုပ်နေလို့ အွန်နရီလို ပြင်သစ်ကစားသမားဟောင်းကတော့ ပဲရစ်ကို စွန့်ခွာဖို့အတွက် တိုက်တွန်းနေပါတယ်။ မက်ဆီကိုယ်တိုင်လည်း ဒီအပေါ်မှာ စိတ်ပျက်နေပုံရပြီး အသင်းပွဲကစားပြီးချိန်တိုင်းမှာ ပရိသတ်တွေကို မနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲသာ တန်းဝင်သွားခဲ့တာ ၃ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေက သူနဲ့ ပီအက်စ်ဂျီကြားမှာ စာချုပ်သစ်ဖြစ်လာဖို့အတွက် မသေချာစေတဲ့ အကြောင်းရင်းတွေအဖြစ်ရှိနေခဲ့ပါတယ်။ ပြင်သစ်နာမည်ကျော်သတင်းစာက ဖော်ပြခဲ့တာဖြစ်လို့လည်း ဒီသတင်းက ဖြစ်နိုင်ချေအများကြီးရှိနေပြီး ရာသီကုန်ရင် မက်ဆီက ဘယ်အသင်းကို ထပ်သွားမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။