ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ မက်ဆီက ဆုကို ဆွတ်ခူးခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းကို ကြေညာခဲ့ချိန်မှာ ဘတ်ပီ စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
ဘလွန်းဒီအောဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ ကိုင်လီယန်ဘတ်ပီဟာ သူက အဆိုပါဆုအတွက် စာရင်းမှာ အဆင့် ၉ နေရာသာ ရရှိခဲ့တယ်ဆိုတာကို သိခဲ့ရပြီးနောက် မျက်စိပျက်မျက်နှာပျက်ခဲ့ကာ ဟန်မဆောင်နိုင်လောက်အောင် စိတ်ပျက်နေခဲ့ပါတယ်။ ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ မက်ဆီက ဆုကို ဆွတ်ခူးခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းကို ကြေညာခဲ့ချိန်မှာ ဘတ်ပီ စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
မက်ဆီနဲ့ ဆွာရက်ဇ်တို့ကြားမှာ ထိုင်နေခဲ့တဲ့ ဘတ်ပီဟာ သူ့ရဲ့စိတ်ပျက်နေမှုကို မဖုံးကွယ်နိုင်ခဲ့ဘဲ ရှိနေခဲ့ပါတယ်။ ဖော်မြူလာဝမ်းကားမောင်းသမားအီစတီဘန်အိုကွန်အတွက် ပြင်သစ်ဂျာစီပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့စဉ်က ပြုံးရွှင်နေခဲ့တဲ့ ဘတ်ပီဟာ ဆုအတွက် အဆင့် ၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့တယ်လို့ သိလိုက်ရချိန်မှာ တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ဘတ်ပီက ၄၅ ဂိုးအထိသွင်းယူခဲ့ကာ ၂၀ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆုဖလား ၃လုံးအထိလည်း သူ ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဆင့် ၉ သာ ရခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ၂၀၁၈ တုန်းက ဒီဆုစာရင်းမှာ အဆင့် ၄ နေရာအထိ ရရှိခဲ့သူလည်းဖြစ်ပါတယ်။
၂၀၁၇ မှာ အဆင့် ၇ ၊ ၂၀၁၉ မှာ အဆင့် ၆ နေရာတွေရရှိခဲ့ပြီး ဒီနှစ်ကတေ့ာ သူ့အတွက် ရပ်တည်မှုအဆိုးရွားဆုံးဖြစ်ခဲ့တာပါ။ အသိသာအထင်ရှားဆုံးကတော့ အမျိုးသမီးဘလွန်းဒီအောဆုကို သူကိုယ်တိုင်ကြေညာပြီး ကိုယ်တိုင်ပေးအပ်ခဲ့စဉ်မှာဖြစ်ပြီး စိတ်မပါလက်မပါဖြစ်နေခဲ့တယ်လို့ Sportsbible က ဖော်ပြခဲ့ပြီး ရုပ်သံမြင်ကွင်းအရလည်း ဘတ်ပီက အေးတိအေးစက်ဖြစ်နေခဲ့တာက သက်သေအဖြစ်ရှိနေခဲ့ပါတယ်။
ဒီလိုမျိုးတွေကြောင့်လည်း ပီအက်စ်ဂျီကနေ သူ ထွက်ခွာချင်နေတာဖြစ်မယ်လို့ Sportsbible က ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဘတ်ပီဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိသေးဘဲ ရာသီကုန်ထိသာ မချုပ်ဆိုခဲ့ဘူးဆိုရင် နှစ်သက်ရာအသင်းကို အလွတ်ပြောင်းရွှေ့နိုင်မှာလည်းဖြစ်ပါတယ်။