မက်ဆီအတွက်တော့ နောက်ထပ်ဂုဏ်ယူဖွယ်ရာတခုပါပဲ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ကာတာမှာ မက်ဆီနေထိုင်ခဲ့တဲ့ အခန်းကို ပြတိုက်ငယ်လေးတခုအဖြစ် အသွင်ပြောင်းမယ်လို့ ကာတာတက္ကသိုလ်က ကြေညာလိုက်ပါတယ်။ ၂၉ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ မက်ဆီက အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး အာဂျင်တီးနားနဲ့အတူ ဆုဖလားဆွတ်ခူးခဲ့ကာ ချန်ပီယံတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

အဆိုပါတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ အာဂျင်တီးနားအသင်းက အခြေစိုက်နေထိုင်ခဲ့တာဖြစ်ပြီး ကစားသမားတွေကို ကိုယ့်နေအိမ်မှာပဲ နေရသလိုခံစားချက်မျိုးဖြစ်စေဖို့အတွက် အာဂျင်တိုင်းအငွေ့အသက်တချို့ကိုပါ ထည့်သွင်းပေးထားခဲ့ပါတယ်။  တက္ကသိုလ်က ဖော်ပြခဲ့တဲ့ ဗီဒီယိုတခုမှာတော့ အခန်းတွင်းမှာ အာဂျင်တီးနားကစားသမားတွေရဲ့ ပိုစတာတွေ၊ အမှတ်တရလက်မှတ်ရေးထိုးထားမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ 

မက်ဆီက အာဂျင်တီးနားအတွက် ခြေစွမ်းပြပြီး ချန်ပီယံဆုဖလားကိုပါ ဆွတ်ခူးပေးနိုင်ခဲ့တဲ့နောက် ဂုဏ်ပြုတဲ့အနေနဲ့ရော၊ အထိမ်းအမှတ်အဖြစ်နဲ့ပါ သူ နေထိုင်ခဲ့ရာ အခန်းကို ပြတိုက်အဖြစ် ဖွဲ့စည်းသွားဖို့ တက္ကသိုလ်ဘက်က စီစဉ်ခဲ့တာပါ။ ပြတိုက်အတွင်းမှာ ဘယ်လိုအရာတွေ ပါဝင်မလဲဆိုတာကို မသိရသေးပေမယ့်လည်း အာဂျင်တီးနားကစားသမားတွေ ချန်ထားရစ်ခဲ့တဲ့ အငွေ့အသက်တွေ၊ တချို့သော ပစ္စည်းပစ္စယတွေ ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ 

ကာတာဘုရင်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားဆုပေးပွဲမှာ မက်ဆီကို တော်ဝင်တွေနဲ့ အောင်ပွဲရစစ်သည်တွေသာ ဝတ်ဆင်ခွင့်ရှိတဲ့ အပေါ်ရုံဝတ်လွှာကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသေးတယ်။ အခုအခါမှာ အဆိုပါဝတ်ရုံကို ဒေါ်လာ ၁ သန်းနဲ့ ဝယ်ယူဖို့ အိုမန်သူဌေးတဦးကတောင် ကမ်းလှမ်းထားပြီး မက်ဆီနဲ့ ပတ်သက်တဲ့အရာတွေကတော့ အဖိုးထိုက်တန်မှုကြီးမားနေခဲ့သလို ဂုဏ်ပြုခံရဖို့အတွက်လည်း ဖြစ်နေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က