မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီရဲ့ လက်ရှိနွေရာသီအတွက် ပထမဆုံးသောရာသီကြိုခြေစမ်းပွဲမှာ ဘောလုံးလောကရဲ့ အထူးဆန်းဆုံးဖြစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ပြင်သစ်လီဂူး-၂ ကလပ် ကွီဗီလီကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲအတွက် ပီအက်စ်ဂျီရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ မက်ဆီ၊ ရာမို့စ်၊ အီကာဒီ၊ ပါရီဒက်စ်၊ ဒွန်နာရမ်မာ၊ ဘားနက်တို့အပြင် အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗီတင်ဟာလည်း လူငယ်ကစားသမားအချို့နဲ့အတူ ပွဲထွက်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၃၀) ကျော်မှာတော့ ပီအက်စ်ဂျီတို့ ပင်နယ်တီရရှိခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဒီပင်နယ်တီကို မက်ဆီ ကန်သွင်းနိုင်ပေမယ့် မက်ဆီကတော့ အသင်းဖော်နောက်ခံလူ ရာမို့စ်ကိုသာ ပေးကန်ခဲ့တာဖြစ်ပါတယ်။ ရာမို့စ်ကလည်း ဒီပင်နယ်တီကို ဂိုးဝင်အောင်ကန်သွင်းခဲ့ပြီးနောက် မက်ဆီနဲ့အတူတကွ အောင်ပွဲခံခဲ့ပါတယ်။ ဒီနှစ်ယောက်ဟာ စပိန်မြေမှာ ခါးသီးပြိုင်ဘက်တွေအဖြစ် ကာလရှည် ရင်ဆိုင်ခဲ့ကြတာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာ ထိပ်တိုက်တွေ့တဲ့ အယ်လ်ကလက်စီကိုပွဲတိုင်းမှာ မက်ဆီနဲ့ရာမို့စ်တို့အကြား အားပြိုင်မှုတွေရှိခဲ့ပြီး တခါတရံမှာ ကိုယ်ထိလက်ရောက်ဖြစ်တဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီနဲ့ရာမို့စ်နှစ်ယောက်လုံးက ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းဖော်တွေဖြစ်ခဲ့ကြပါတယ်။
အခုဒီပွဲကဖြစ်ရပ်အတွက် ပရိသတ်တွေကလည်း “ရာမို့စ်က မက်ဆီကြောင့်ရတဲ့ပင်နယ်တီကို ကန်သွင်းခဲ့တယ်ဆိုတာကို ဘယ်သူမှ စိတ်ကူးတောင်ယဥ်ဖူးမှာ မဟုတ်ပါဘူး” “မက်ဆီက ရာမို့စ်ကို ပင်နယ်တီပေးကန်ခဲ့ပါတယ်။ ရာမို့စ်ကလည်း ဒီပင်နယ်တီကိုကန်သွင်းပြီး မက်ဆီနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ တော်တော်ထူးဆန်းတယ်လို့ ခံစားနေရဆဲပါ။ ဒါနဲ့အသားကျဖို့ လိုအပ်ပါသေးတယ်” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက ရာမို့စ်နဲ့မက်ဆီတို့အပါအဝင် ကစားသမား (၁၁) ယောက်လုံးကို လူစားလဲကစားခဲ့ပါတယ်။ ဒုတိယပိုင်း (၅၄) မိနစ်မှာတော့ ဂက်ဆာမာက ပီအက်စ်ဂျီအတွက် ဒုတိယမြောက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ပီအက်စ်ဂျီက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။