ကြာသပတေးနေ့ ညနေပိုင်းက ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ဘာစီလိုနာကို အနိုင်ယူပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ဘီလ်ဘာအိုတို့ တက်ရောက်နိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ၂ ဂိုးစီသရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာမှာ ပင်နယ်တီရရှိခဲ့တဲ့ ဘီလ်ဘာအိုတို့ အခွင့်အရေးကို အပိုင်အသုံးချခဲ့ပြီး နိုင်ပွဲရယူသွားခဲ့တာဖြစ်ပါတယ်။
စပိန်စူပါဖလားမှာ ရီးရဲလ်ကိုရှုံးပြီးထွက်ခဲ့ရတဲ့ ဘာစီလိုနာတို့ တပတ်အတွင်းမှာ နောက်ထပ်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာလည်းဖြစ်ခဲ့ပါတယ်။ ပိုပြီးတော့ ဆိုးရွားခဲ့တာကတော့ အချိန်ပိုမှာ တိုက်စစ်မှူးအန်ဆူဖာတီ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပြီး စပိန်လူငယ်ကြယ်ပွင့်ဟာ ကွင်းထဲကထွက်စဉ်မှာတော့ မျက်ရည်တွေပါကျခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဖာတီကို ဇာဗီအပါအဝင် လူတချို့က ဝိုင်းနှစ်သိမ့်ခဲ့ရပြီး ဘာစီလိုနာအတွက်တော့ တခုမဟုတ်တခု အကျပ်အတည်းဆိုက်နေတာလည်းဖြစ်ပါတယ်။ လူငယ်ကစားသမားတဦးဖြစ်နေပေမယ့် အန်ဆူဖာတီကတော့ မကြာခဏဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး ကစားသမားဘ၀အတွက်ပါ စိုးရိမ်ဖွယ်ရာအနေအထားဖြစ်လာခဲ့ပါတယ်။
မက်ဆီမရှိတော့တဲ့နောက် ဘာစီလိုနာရဲ့အနာဂတ်လို့ တင်စားခံခဲ့ရတဲ့ အန်ဆူဖာတီက ဒီတကြိမ်မှာလည်း ဘယ်လောက်ကာလအထိအနားယူရမလဲဆိုတာ မသိရသေးပါဘူး။ မက်ဆီနေရာဆက်ခံမယ့်သူလို့ နာမည်ကြီးခဲ့ပေမယ့် လက်ရှိမှာတော့ သူက အသင်းဖော်ဒမ်ဘီလီရဲ့လမ်းစဉ်ကို လိုက်နေပြီဖြစ်ကာ ဘာကာအတွက် စိုးရိမ်စရာလည်းဖြစ်နေခဲ့ရပါပြီ။