မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားက ကွာခြားချက်က ဘာလဲဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
ရော်နယ်လ်ဒိုနဲ့ မက်ဆိတို့ဟာ ဆယ်စုနှစ်တစ်ခုခွဲကျော်ကြာမြင့်တဲ့အထိ ရှာမှရှားတဲ့ ပြိုင်ဆိုင်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီကစားသမား ၂ ဦးထဲမှာ ဘယ်သူကအကောင်းဆုံးလဲဆိုတဲ့ အငြင်းအခုံတွေနဲ့ပတ်သက်ပြီး ဝိန်း ရူနီက ၎င်းရဲ့အမြင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ဝိန်း ရူနီက ကစားသမား ၂ ဦးစလုံးကို သူမတူတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တစ်ဦးနဲ့တစ်ဦး တွန်းအားပေးတဲ့ပုံစံကြောင့် နှစ်သက်လေးစားမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး သရဲနီဂန္တဝင်တိုက်စစ်မှူးက ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကာလရှည်ယှဉ်ပြိုင်မှုကြောင့် ပုံမှန်တိုးတက်မှုတွေ ရှိခဲ့တာဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
"ကျွန်တော် နှစ်ယောက်စလုံးကို လေးစားမိပြီး သူတို့ပုံစံနဲ့ သူတို့ အရာအားလုံးနဲ့ပတ်သက်ပြီး သွားနေကြတာပါ။ ခရစ္စတီယာနိုက ပွင့်ပွင့်လင်းလင်းကို ငါက အကောင်းဆုံးပဲ။ ငါက အကောင်းဆုံးဖြစ်ချင်တယ်လို့ ပြောတယ်။ မက်ဆီ စကားပြောတဲ့အချိန်မှာတော့ သူက အသင်းအပေါ်နဲ့ သူ အနိုင်ရချင်တဲ့ ဆုဖလားတွေအပေါ်မှာပိုပြီးတော့ အာရုံစိုက်တယ်"
"မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ။ အဲဒါက မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး ၂ ခုနဲ့ သူတို့ဘာသာ စိတ်ဓာတ်ခွန်အားပေးတဲ့ ပုံစံပါ။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်နဲ့ လိုအပ်နေပြီး သူတို့ရဲ့ ပြိုင်ဆိုင်မှုကို ပျော်ရွှင်ခံစားနေခဲ့ကြတယ်လို့ ကျွန်တော် သံသယရှိပါတယ်။ ခရစ္စတီယာနို ရီးရဲလ်မက်ဒရစ်ကို သွားခဲ့တဲ့အချိန်မှာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးကြတယ်"
"ခရစ္စတီယာနိုက စနေနေ့မှာ ၂ ဂိုးသွင်းရင် မက်ဆီက နောက်နေ့မှာ ၂ ဂိုးသွင်းလိမ့်မယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ မြင့်မားတဲ့အဆင့်အတန်းရောက်ရှိအောင်နဲ့ သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်အောင် လုပ်ခဲ့ကြတာပါ။ မက်ဆီမှာက ကစားသမားတွေကိုကျော်ဖြတ်နိုင်ဖို့ မာရာဒိုနာပိုင်ဆိုင်ခဲ့တဲ့ အရည်အချင်းတွေရှိပြီး ပြီးတဲ့နောက်မှာ ပေးပို့မှု၊ ကန်သွင်းမှု၊ ဖြတ်တင်မှုစွမ်းရည်တွေနဲ့ အဆုံးသတ်ပေးတယ်"
"သူ့မှာ ဘောလုံးအမြင်နဲ့ပတ်သက်ရင် အရာအားလုံးရှိပါတယ်။ ခင်ဗျားအဲဒါကို ခရိုအေးရှားနဲ့ပွဲမှာ အယ်လ်ဗာရက်ဇ်အတွက် သူ ဖန်တီးပေးခဲ့တဲ့ဂိုးမှာ မြင်ခဲ့မှာပါ။ ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ မက်ဆီက ဘောလုံးပိုင်ဆိုင်မှုရယူခဲ့တဲ့ အနေအထားမှာ ခင်ဗျားက သူ့ကို ဂိုးဧရိယာအပြင်ဘက်မှာပဲ ပြသဖို့ လုပ်ရမှာပါ။ အဲဒါက ယို့စ်ကို ဂွါဒီယောလ် လုပ်ခဲ့တဲ့အရာပါ။ အဲဒီတော့ မက်ဆီက အယ်လ်ဗာရက်ဇ် တတိယမြောက်ဂိုးသွင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ချိုးပေးမှု မပြုလုပ်ခင်မှာ ဂွါဒီယောလ်ကို ဒီနည်းနဲ့ လှည့်ပြီးတော့ ဂိုးစည်းအတိုင်း ဆွဲပြေးသွားခဲ့ပါတယ်"လို့ Sunday Times အတွက် ကော်လံထဲမှာ ရေးသားခဲ့ပါတယ်။