သူတို့အသင်းခေါင်းဆောင်ကို သူရဲကောင်းသဖွယ်ကြိုဆိုခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားရပြီးနောက် နိုင်ငံအတွင်း ပထမဆုံးအကြိမ်ပြန်ကစားတဲ့ ပနားမားနဲ့ပွဲမှာ ပရိသတ်တွေရဲ့ကြိုဆိုမှုကြောင့် အသင်းခေါင်းဆောင် မက်ဆီဟာ မျက်ရည်ကျခဲ့တဲ့အထိ ခံစားခဲ့ရပါတယ်။  မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲပါတယ်။ 



ဒီအောင်မြင်မှုဟာ သူ့ရဲ့ ကစားသမားဘဝကို ပြီးပြည့်စုံစေခဲ့ပြိး သူ အလိုချင်ဆုံး ဆုဖလားတလုံးကို ရယူနိုင်ခဲ့သလို အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ်မြောက်ရရှိခဲ့တာပါ။ မက်ဆီက အဓိကကစားသမားအဖြစ်နဲ့ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကာ အာဂျင်တီးနားအတွက် သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။ 



မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ဝေဖန်မှုတွေခံခဲ့ရပေမယ့် အာဂျင်တီးနားမှာတော့ ပရိသတ်က သူ့ကို သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ သူခြေစွမ်းပြအောင်ဆိုပြီး ပရိသတ်တွေက သူ့ကို ပွဲကြည့်စင်ပေါ်ကနေ အော်ဟစ်ဖိအားပေးမှုတွေကို ပြီးခဲ့တဲ့တပတ်အတွင်းက ရင်ဆိုင်ခဲ့ရပေမယ့် အာဂျင်တီးနားပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်ကစားသမားကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ဒီမနက်ပိုင်းက ပနားမားအသင်းနဲ့ ခြေစမ်းပွဲအဖြစ် ကစားခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ကွင်းအတွင်းအားပေးမှုတွေကြောင့် မျက်ရည်ကျခဲ့တာပါ။ အာဂျင်တီးနားဂိုးသမား မာတီးနတ်ဇ်ကလည်း နိုင်ငံတော်သီချင်းသီဆိုနေချိန်မှာ မျက်ရည်ကျနေခဲ့တာကို ရုပ်သံကင်မရာတွေက ရိုက်ကူးပြခဲ့ပါတယ်။ ဒီခြေစမ်းပွဲမှာတော့ အာဂျင်တီးနားအသင်းက ပနားမားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂိုးတွေကို မက်ဆီနဲ့ အယ်လ်မာဒါတို့က သွင်းယူခဲ့တာပါ။


အာဂျင်တီးနားအသင်းဟာ နောက်ထပ်ခြေစမ်းပွဲအဖြစ် ကူရာကာအိုအသင်းနဲ့ အာဂျင်တီးနားမှာပဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က