ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူအပြီး ၄ ရက်အကြာမှာပဲ ပီအက်စ်ဂျီတို့ ရှုံးပွဲပြန်တွေ့သွားခဲ့တာပါ။ ၃ ဂိုးပြတ်နဲ့ကို အရေးနိမ့်နေခဲ့ပြီး နေမာရဲ့ ချေပဂိုးကြောင့် အဝေးကွင်းမှာ သိက္ခာဆယ်ဂိုးလေးရပြီး အမှတ်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတာလည်းဖြစ်ပါတယ်။ နန့်တက်စ်ကတော့ ထူးရှယ်ခြေစွမ်းပြပြီး မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ပါဝင်လာတဲ့ ပီအက်စ်ဂျီကို ပညာပေးပြန်လွှတ်လိုက်တာပါ။
၃-၀ ဖြစ်ခဲ့ပြီးနောက် နေမာက မက်ဆီရဲ့ ဖန်တီးပေးမှုကနေ ချေပဂိုးတဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ဒါက ပီအက်စ်ဂျီအတွက် မျှော်လင့်ချက်တစဖြစ်ခဲ့ပြီး ပင်နယ်တီပါ ထပ်ရခဲ့ချိန်မှာတော့ သူတို့အတွက် ပိုပြီးတော့ မျှော်လင့်ချက်အားကောင်းခဲ့တာပါ။ ဒါပေမယ့် ဒီပင်နယ်တီကို နေမာ ကန်သွင်းရာမှာတော့ နန့်တက်စ်ဂိုးသမားက အေးအေးဆေးဆေးဖမ်းဆီးနိုင်ခဲ့ပြီး ၃-၂ ဖြစ်ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
ဒီပွဲအရေးနိမ့်ခဲ့လို့ ပီအက်စ်ဂျီအတွက် စိတ်ပူစရာမရှိဘဲ ဒုတိယနေရာက မာဆေးလ်ကို ၁၃ မှတ်အထိ ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးတွေစုဝေးနေတဲ့ အသင်းတသင်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ မျက်နှာပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။ ပိုချက်တီနိုက သူအသင်းကို တည်ငြိမ်အောင်မလုပ်နိုင်သေးဘူးဆိုတာ ထင်ရှားခဲ့ပြီး နည်းပြအတွက်တော့ ဖိအားတွေရှိလာခဲ့ပါပြီ။