ပြင်သစ်ကွင်းလယ်လူချူဝါမန်နီက တနင်္ဂနွေနေ့ ကမ္ဘာဖ့လားဗိုလ်လုပွဲမကစားခင်မှာပဲ အသင်းဖော်တိုက်စစ်မှူးကိုင်လီယန်ဘတ်ပီက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြင်သစ်အတွက် ခြေစွမ်းပြကစားပေးနေပြီး ပွဲတိုင်းကို ပါဝင်ခွင့်ရထားတဲ့ ချူဝါမန်နီက သူ့စကားမှန်ကန်ကြောင်းကို ဗိုလ်လုပွဲမှာ ဘတ်ပီက သက်သေပြနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
ဘတ်ပီကတော့ ဒီကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် ၅ ဂိုးအထိသွင်းယူပေးထားတာဖြစ်ပါတယ်။ တဖက်မှာလည်း မက်ဆီက ၅ ဂီုးသွင်းယူပြီး ၃ ကြိမ်ဖန်တီးပေးထားလို့ ရွှေဖိနပ်ဆုအတွက် သူတို့နှစ်ယောက် အပြိုင်အဆိုင်ဖြစ်နေပါတယ်။ ဒါပေမယ့် မက်ဆီက ဖန်တီးမှုပိုင်းမှာ ပိုမိုသာလွန်တာကြောင့် ဗိုလ်လုပွဲမှာ နှစ်ယောက်စလုံးဂိုးမသွင်းနိုင်ရင် ရွှေဖိနပ်ဆုက မက်ဆီအတွက်ဖြစ်လာမှာပါ။
ချူဝါမန်နီက "မက်ဆီက အကောင်းဆုံးကစားသမားဆိုပြီး ဂရစ်မန်းက ပြောပါတယ်၊ ကျနော့်အတွက်တော့ ကိုင်လီယန်က အကောင်းဆုံးပါပဲ၊ ကျနော့်အတွက် သူက အကောင်းဆုံးကစားသမားပါ၊ ဒါမှန်ကန်တယ်ဆိုတာ တနင်္ဂနွေနေ့မှာ သူ သက်သေပြနိုင်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပြီး အသင်းဖော်ကို အားပေးထောက်ခံခဲ့ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တီးနားတို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ခဲ့ကြပြီး ဂိုးတွေအပြန်အလှန်သွင်းယူကာ ပြင်သစ်က အနိုင်ရရှိခဲ့ပါတယ်။ အခုအခါမှာ ပြင်သစ်က လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် အားထုတ်ရမှာဖြစ်ပြီး အာဂျင်တီးနားကတော့ ရှုံးကြွေးဆပ်ဖို့အပြင် မက်ဆီအတွက် ပထမဆုံးနဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
မက်ဆီနဲ့ ဘတ်ပီကတော့ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်ပြီး အခုအခါ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ အသင်းဖော်နှစ်ဦးရဲ့ ရွှေဖိနပ်ဆုအတွက် အားပြိုင်မှုကလည်း စိတ်ဝင်စားဖို့ကောင်းနေလို့ လာမယ့်ဗိုလ်လုပွဲကတော့ ပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မယ့်ပွဲဖြစ်လာနိုင်ပါတယ်။