ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

စပို့တင်းလစ္စဘွန်းက အေဂျက်ဇ်က ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ပင်နယ်တီကတဆင့် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးဟယ်လာဟာ ချန်ပီယံလိဂ်မှာ ထူးခြားတဲ့စံချိန်တခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒါကတော့ သူဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲသမိုင်းမှာ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့တာပါ။ 

သူ့အရင်မှာ ဒီစံချိန်ကို ရယူဖူးနိုင်ခဲ့သူက ရော်နယ်ဒိုတဦးတည်းသာရှိခဲ့ပြီး အဆိုပါစံချိန်ကို ဟယ်လာက လိုက်မီခဲ့တာဖြစ်ပါတယ်။ မက်ဆီ၊ လီဝန်ဒေါစကီးတို့လို နာမည်ကျော်တိုက်စစ်မှူးတွေတောင်မှ မလုပ်ပြထားနိုင်သေးတဲ့ မှတ်တမ်းကို ဟယ်လာက ရယူခဲ့တာဖြစ်လို့ အထင်ကြီးဖွယ်ရာ ကောင်းနေပြီး ဒေါ့မွန်၊ ဘက်ဆီးတပ်စ်၊ စပို့တင်းတို့လို အသင်းတွေကို သွင်းယူခဲ့တာဖြစ်လို့လည်း သူ့စံချိန်က အပေါစားဆန်ဆန်ရခဲ့တာမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ 

ဒီမှတ်တမ်းအပြင် ဟယ်လာဟာ ချန်ပီယံလိဂ်တရာသီအတွင်း အုပ်စုအဆင့်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ လေးဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒီမှတ်တမ်းကို သူအပါအဝင် စုစုပေါင်းမှ ၄ ဦးတည်းသာ ပိုင်ဆိုင်ထားတာဖြစ်ပြီး ကျန် ၃ဦးကတော့ ရော်နယ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ဖြစ်ကာ အခြားသောနာမည်ကျော်ကစားသမားတွေထက်အရင်ဦးစွာ ဟယ်လာက လိုက်မီခဲ့ပြန်တာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ဟယ်လာက ချန်ပီယံလိဂ်သွင်းဂိုး ၁၀ ဂိုးအထိသွင်းယူပေးထားတာလည်းဖြစ်ပါတယ်။ စုစုပေါင်း ၆ ပွဲကစားပြီးချိန်မှာ ရရှိခဲ့တာဖြစ်ပြီး နယ်သာလန်လိဂ်မှာ ၁၃ ပွဲကစားပြီး ၉ ဂိုးသွင်းယူထားတဲ့ ဂိုးသွင်းမှတ်တမ်းထက်တောင် ချန်ပီယံလိဂ်မှတ်တမ်းက ပိုမိုကောင်းမွန်နေတာကို ထူးထူးခြားခြားမြင်တွေ့နေရတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းမှာ ၁ ရာသီကျော်ကစားပြီးနောက် အေဂျက်ဇ်ကို ရောက်ရှိခဲ့ချိန်မှာ သူ့ရဲ့ ခြေစွမ်းက အခုလိုမျိုး ထင်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က