မက်ဆီအတွက်တော့ ဒီနှစ်က အဆိုးရွားဆုံးနှစ်တနှစ်ဖြစ်တော့မယ်လို့ ဆိုနေကြတာပါ။

နူးကမ့်မှာ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက် မက်ဆီတယောက် မထင်မှတ်ထားတဲ့ဖြစ်ရပ်တွေနဲ့အတူ ပြီးခဲ့တဲ့နွေရာသီမှာ PSG ကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ ပရိသတ်တွေအားလုံး သိထားပြီးတဲ့အတိုင်း ဘာစီလိုနာရဲ့ဘဏ္ဍာရေး အခြေအနေက မက်ဆီကို အခုလိုဖြစ်စေခဲ့ပြီး လယ်သမားလိဂ်လို့ အများခေါ်တဲ့ ပြင်သစ်လီဂူးမှာ မက်ဆီ ဆရာကြီးလုပ်နိုင်မယ်လို့ ပရိသတ်တွေ ယူဆခဲ့တာပါ။



ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ထင်ထားတာတွေနဲ့အကုန် တက်တက်စင် လွဲချော်ခဲ့ရပါတယ်။ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့ ကြားမှာ နားလည်မှုတခုတည်ဆောက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး မက်ဆီတယောက် ပြင်သစ်လီဂူးမှာ အမ်ဘာပေရဲ့ လောင်းရိပ်အောက် ရောက်နေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီရာသီဟာ မက်ဆီအတွက်တော့ သူ့ရဲ့ ကစားသမားဘဝတလျှောက် အဆိုးရွားဆုံး ဘောလုံးရာသီဖြစ်လာဖို့ နီးစပ်နေပြီလို့ မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း မက်ဆီရဲ့ စံချိန်စံနှုန်းတွေ လျော့ကျသွားခဲ့တယ်လို့လည်း ဒီသတင်းစာကပဲ ဖော်ပြခဲ့သေးတာပါ။ မက်ဆီအနေနဲ့ ပြင်သစ်လီဂူးမှာ (၈၆၅) မိနစ် ကစားပြီးမှ သွင်းဂိုးတဂိုးသာရရှိထားပြီး ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးရာသီမှာတောင် မက်ဆီက (၁၅၅) မိနစ်တိုင်းမှာ သွင်းဂိုးတဂိုးရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပြင်သစ်လီဂူးမှာ သွင်းဂိုးတဂိုးသာရရှိထားတာဖြစ်ပြီး နေမာ၊ အမ်ဘာပေတို့ မပါဝင်ခဲ့တဲ့ လော်ရီးယန့်နဲ့ပွဲမှာလည်း မက်ဆီ တော်တော်လေး ရုန်းကန်ပေးခဲ့ပေမယ့် အသင်းကတော့ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့်သာ ရှုံးပွဲမကြုံခဲ့ရတာပါ။

ကောင်းကွက်အနေနဲ့ကတော့ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ၊ ချန်ပီယံလိဂ်မှာ သွင်းဂိုး (၅) ဂိုးနဲ့ PSG ကို ရှုံးထွက် (၁၆) သင်းအဆင့်ကို ရောက်ရှိစေခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့တော့ မက်ဆီအတွက်ရော၊ မက်ဆီ ပရိသတ်တွေအတွက်ရော ကျေနပ်စရာမဖြစ်နိုင်ပါဘူး။

တဖက်မှာတော့ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံးကို မြှုပ်နှံလာခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာပြီး နယ်မြေသစ်မှာ ပထမဆုံးရာသီသစ်ကို ဖြတ်သန်းနေရတယ်ဆိုတာ အားလုံး သိထားဖို့ လိုအပ်ပါတယ်။ မက်ဆီအနေနဲ့ အခုချိန်ထိ PSG မှာ အသားကျဖို့ ရုန်းကန်နေရဆဲဆိုတာကို ပရိသတ်တွေ လက်ခံထားရမှာဖြစ်သလို ဒီကစားသမားရဲ့ အကောင်းဆုံးပုံစံက အချိန်မရွေး ပြန်လည်ရောက်ရှိလာနိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ 

Share

က္က