အာဂျင်တီးနားဂျာစီအသစ်ကို မိတ်ဆက်ခဲ့တာပါ။

(၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဝတ်ဆင်မယ့် ဂျာစီကို မနေ့က မိတ်ဆက်ခဲ့ပြီး ဒီဂျာစီနဲ့ပတ်သက်လို့တော့ ပရိသတ်တွေက အမွှန်းတင်နေကြပါတယ်။ နာမည်ကျော် Adidas က ဒီဇိုင်းဆွဲထုတ်လုပ်ပေးထားတဲ့ ဒီဂျာစီဒီဇိုင်းက အာဂျင်တီးနားရဲ့ မူလဂျာစီဒီဇိုင်း၊ အရောင်ကိုသာ အခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။



ပရိသတ်တွေက ဂျာစီဒီဇိုင်း၊ အရောင်တို့ကို ချီးကျူးအမွှန်းတင်နေတာမျိုးတော့ မဟုတ်ဘဲ သူတို့အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အမွှန်းတင်နေကြတာပါ။ ဒီဂျာစီသစ်မိတ်ဆက်တဲ့နေရာမှာ မက်ဆီလည်း ပါဝင်ခဲ့ပြီး “ဒီဂျာစီက လာမယ့်နှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံတံဆိပ် ကပ်ထားရမယ့် ဂျာစီ” လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် အခြားသောပရိသတ်တွေကလည်း “မက်ဆီက ကမ္ဘာ့ဖလားကို ဆွတ်ခူးမှာဖြစ်ပြီး ပေါ်တူဂီကို ဖျက်ဆီးပြပါလိမ့်မယ်” “ဒီဂျာစီနဲ့အတူ အာဂျင်တီးနားနဲ့မက်ဆီတို့ (၂၀၂၂) ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ကြမှာပါ” “ဒါ ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ့်ဂျာစီပဲ” အစရှိသဖြင့် အမျိုးမျိုးမှတ်ချက်ပြုခဲ့ကြပါတယ်။ အာဂျင်တီးနားဟာ လာမယ့်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေထဲက တသင်းအဖြစ် သတ်မှတ်ခံထားရတာပါ။

(၂၀၀၂) မှာ ဘရာဇီးတို့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ပြီးနောက်ပိုင်း ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံး တောင်အမေရိကအသင်းဖြစ်ဖို့ အာဂျင်တီးနားတို့ ပစ်မှတ်ထားနေပါတယ်။ လာမယ့် နိုဝင်ဘာကနေ စတင်ကျင်းပမယ့် အဆိုပါကမ္ဘာ့ဖလားက မက်ဆီအတွက်လည်း နောက်ဆုံးသောကမ္ဘာ့ဖလားဖြစ်လာနိုင်ပါတယ်။

မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားဘဝ အပြီးပြည့်စုံဆုံးဖြစ်သွားဖို့ ကမ္ဘာ့ဖလားချန်ပီယံဆုသာ လိုအပ်တော့တယ်လို့ဆိုနိုင်ပြီး (၁၉၈၆) မာရာဒိုနာခေတ်နောက်ပိုင်း ကမ္ဘာ့ချန်ပီယံဆုကြီးကို အာဂျင်တီးနားမြေဆီ ပြန်လည်သယ်ယူလာနိုင်ဖို့ အာဂျင်တီးနားပြည်သူတွေကလည်း ဆန္ဒပြင်းပြလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က