ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ ဖီလာဒဲလ်ဖီးယားတို့ရဲ့ ပွဲမှာ မက်ဆီရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ မေဂျာ်လိဂ်အသင်းတွေရဲ့ အဆင့်အတန်းကို မေးခွန်းထုတ်မှုတွေ များပြားလာခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမိုင်ယာမီက ၄-၁ နဲ့ အနိုင်ရခဲ့ပြီး လိဂ်ဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့ကာ နက်ရှ်ဗီးလ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
မက်ဆီဟာ အသင်းအတွက် တတိယမြောက်ဂိုးကို ကန်သွင်းယူခဲ့ရာမှာ ဧရိယာအပြင်ဘက်ခပ်လှမ်းလှမ်းကနေ ကန်သွင်းခဲ့တာပါ။ သူ့ရဲ့ ကန်သွင်းချက်က ထင်မှတ်သလောက် ခြိမ်းခြောက်နိုင်တာမျိုး မဟုတ်ခဲ့ဘဲ အနိမ့်ဘောအဖြစ်နဲ့သာ ရှိခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားမကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီဂိုးနဲ့ပတ်သက်ပြီး ပရိသတ်တွေက ပြောဆိုခဲ့ကြရာမှာတော့ "ဘယ်လိုဖြစ်ပြီးတော့များ ဂိုးသမား မကာကွယ်နိုင်တာလဲ? ကိုက် ၃၀ လောက်ကနေ ကန်သွင်းပြီး ဘာအားမှလည်းမပါဘူး၊ ဒါကို သူက ဒိုင်ဗင်လေးတောင်မှ မထိုးနိုင်ခဲ့ဘူး" ၊ "ခဏစောင့်ကြပါ၊ ဂိုးသမားက စားသောက်နေတာ ဒါမှမဟုတ် တခုခုသွားလုပ်နေတာကြောင့်ပါ" ၊ "ဂိုးသမားက ဘယ်သူလဲဟ၊ အသက် ၆၀ အရွယ် ငါ့ရဲ့ အဖွားတောင် ဒီဘောလုံးကို ကာကွယ်နိုင်တယ်" ဆိုပြီး ရေးသားပြောဆိုခဲ့ကြပါတယ်။
ဒီပွဲမှာ အင်တာမိုင်ယာမီအတွက် ကစားသမား ၄ ဦးက တဂိုးစီသွင်းယူခဲ့ကြပါတယ်။ မက်ဆီကတော့ သူ့အတွက် ၉ ဂိုးမြောက်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဖြစ်ဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။ အင်တာမိုင်ယာမီကလည်း ပထမဆုံးအကြိမ်အဖြစ် ဖလားဗိုလ်လုပွဲတခုကို တက်ရောက်နိုင်ခဲ့ကာ ဒါတွေဟာ မက်ဆီရောက်လာပြီးမှ ဖြစ်လာခဲ့တာပါ။
မက်ဆီရောက်လာပြီးနောက် အင်တာမိုင်ယာမီက ရှုံးပွဲမရှိသေးသလို နောက်ဆုံး ၅ ပွဲဆက်တိုက် ပြိုင်ဘက်တွေကို အနိုင်ရခဲ့ရာမှာ တပွဲကို ပျမ်းမျှ ၃ ဂိုးနှုန်းအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။