ပီအက်စ်ဂျီအသင်းဟာ နောက်ဆက်တွဲ ဖြစ်လာမှာတွေကို စိုးရိမ်တာကြောင့် လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးဖို့အတွက် တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းက ပြင်သစ်ကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ရှောင်ပြေးနေခဲ့တဲ့ ဆုဖလားကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဗိုလ်လုပွဲက သွင်းဂိုး ၂ ဂိုးအပါအဝင် အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအောင်ပွဲက ၎င်းရဲ့တသက်တာအကောင်းဆုံးကစားသမားဂုဏ်ပုဒ်ကို ပိုမို ခိုင်မာစေခဲ့တယ်လို့ အများစုက ခံစားခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီးနောက် အောင်ပွဲခံနေတာဖြစ်ပြီး ရိုဆာရီယိုမြို့က အာဂျင်တီးနားကြယ်ပွင့်ရဲ့အိမ်ကို ပရိသတ်တွေ အုံလိုက်ကျင်းလိုက် လာရောက်အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ Goal ရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားကြီးကို ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအိမ်ကွင်း Parc des Princes ကို ယူဆောင်လာချင်ပြီး လာမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ပြသထားဖို့ ဖြစ်နိုင်မလားဆိုတာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်တွေကို အနိုင်ယူခဲ့တာကြောင့် ကမ္ဘာ့ဖလားကြီးကို ယူဆောင်လာခွင့်ပေးဖို့ တွန့်ဆုတ်နေပြီး တုံ့ပြန်မှုတွေက အဆိုးဘက်က ဖြစ်လာမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုရရှိခဲ့ပေမယ့်လည်း မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေကို အပြင်းထန်ဆုံး လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့အချက်ကိုလည်း ပီအက်စ်ဂျီအသင်းက ထည့်သွင်းစဉ်းစားနေပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အီမီလီယာနို မာတီနက်ဇ်က ပြင်သစ်တိုက်စစ်မှူးကို ဘေးနားတင် လှောင်ပြောင်နေတာကို မတားဆီးဘဲ တိတ်ဆိတ်နေခဲ့တဲ့အတွက်လည်း ပီအက်စ်ဂျီပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။