လိဂ်ဖလားဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီနဲ့ ရင်ဆိုင်ရတော့မယ့် နက်ရှ်ဗဲလ်အသင်းခေါင်းဆောင်က သူတို့အနေနဲ့ ပြိုင်ဘက်ကို ကြောက်ရွံ့နေတာမျိုး မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ နက်ရှ်ဗဲလ်ကလည်း ဒီပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး မက္ကဆီကိုရဲ့ အသင်းကောင်းတွေကို အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်ရောက်ခဲ့ကာ မက်ဆီရဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မက်ဆီကတော့ အင်တာမိုင်ယာမီအတွက် လိဂ်ဖလားပွဲတွေ ဆက်တိုက်ကစားပေးနေပြိး ၆ ပွဲကစားပြီးချိန်မှာပဲ ၉ ဂိုးအထိသွင်းကာ ခြေစွမ်းပြနေခဲ့ပါတယ်။ အင်တာမိုင်ယာမီကလည်း မက်ဆီရောက်လာပြီးနောက် ရှုံးပွဲမရှိဘဲ အသင်းတိုင်းကို ခြေပြတ်ဂိုးပြတ်အနိုင်ယူနေပြီး နောက်ဆုံး ၅ ပွဲဆက်တိုက် တပွဲကို ၃ ဂိုးနှုန်း အထိ သွင်းယူနေပါတယ်။
"အခုကတော့ ကျနော်တို့ နက်ရှ်ဗဲလ်အတွက် ကြီးမားတဲ့ အခိုက်အတန့်တခုပါ၊ ကျနော်တို့က နှစ်တိုင်း ဆီမီးဖိုင်နယ်ကို တက်နိုင်တယ်၊ ဒါပေမယ့် ဗိုလ်လုပွဲရောက်ဖို့ဆို တခုမဟုတ်တခုနဲ့ ကျရှုံးခဲ့တာ၊ အခုတော့ ဒါကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးကျော်ဖြတ်စရာတခုပဲ ရှိပါတော့တယ်"
"ကျနော်တို့ အသင်းကောင်းတွေကိုချည်း အနိုင်ရခဲ့တာပါ၊ စင်စင်နာတီ၊ ကလပ်အမေရိက၊ မင်နီဆိုးတား၊ မွန်တာရေးတို့ကို ကျနော်တို့ အတွေ့အကြုံတွေနဲ့ အနိုင်ယူပြီး ကောင်းဆုံးတွေထဲက ညတညကို ထပ်ပြီးတော့ စမ်းသပ်ရပါတော့မယ်၊ အခု ပြောနိုင်တာကတော့ မက်ဆီတို့ရဲ့ အင်တာမိုင်ယာမီကို ကြောက်လန့်နေတဲ့သူ ကျနော်တို့ အဝတ်လဲခန်းထဲမှာ တယောက်မှ မရှိဘူးဆိုတာပါပဲ" လို့ နက်ရှ်ဗဲလ်အသင်းခေါင်းဆောင် ဒက်စ်မက္ကာသီက ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲကိုတော့ တနင်္ဂနွေနေ့ မနက် ၇း၃၀ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီက ချန်ပီယံဖြစ်ဖို့ ပိုမိုရေပန်းစားနေပြီး နက်ရှ်ဗဲလ်ကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရပါမယ်။ မက်ဆီကတော့ အင်တာမိုင်ယာမီအတွက် ၇ ပွဲမြောက်ကစားပြီး ဆုဖလားရယူပေးနိုင်ဖို့ကို ပစ်မှတ်ထားနေမှာ သေချာပါတယ်။