နယူးကာဆယ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အယ်လ်မီရွန်ကတော့ ထူးရှယ်ခြေစွမ်းတွေကို ဆက်တိုက်ပြသနေခဲ့ပါတယ်။ မနေ့က လက်စတာကို အဝေးကွင်းမှာ နယူးကာဆယ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ရာမှာ အယ်လ်မီရွန်က တဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့ သွင်းဂိုးက တော်ာတော်လေးဆင့်အတန်းမြင့်မားခဲ့ပြီး အားလုံးရဲ့ ချီးကျူးအသိအမှတ်ပြုမှုကိုပါ ရရှိခဲ့ပါတယ်။
အယ်လ်မီရွန်က ညာခြမ်းကနေ ဘောလုံးဆွဲယူလာပြီးနောက် အတွင်းထဲချိုးဝင်ကာ အသင်းဖော်ဂွီမာရေ့စ်နဲ့ တချက်ထိအမြန်ပေးကစားဟန်အတိုင်း အပေးအယူလုပ်ခဲ့ပါတယ်။ ဂွီမာရေ့စ်ဆီကို ဘောလုံးပေးအပြီးမှာ အယ်လ်မီရွန်က လက်စတာခံစစ်ကစားသမားတွေကြားထဲကနေ ဧရိယာထဲကို ပြေးထွက်သွားချိန် ဂွီမာရေ့စ်ကလည်း သူ့ပြေးလမ်းကြောင်းထဲ ဘောလုံးကို အတိအကျပို့ပေးခဲ့ကာ လှပတဲ့ သွင်းဂိုးတဂိုးကို ပုံဖော်နိုင်ခဲ့ပါတယ်။
ဒီဂိုးဟာ အယ်လ်မီရွန်အတွက်တော့ ဒီရာသီပရီးမီယားလိဂ်မှာ ၉ ဂိုးမြောက်အဖြစ် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စုစုပေါင်း ၁၆ ပွဲကစားပေးပြီးချိန်မှာပဲ သူက ၉ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်အတွက် အစောပိုင်း လိဂ်ပွဲ ၁၁၀ မှာ ၉ ဂိုးသာရရှိခဲ့တဲ့ စံချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိသိသာသာကွဲပြားခြားနားနေခဲ့ပြီး သူ ဘယ်လောက်ထိ ခြေစွမ်းပြနိုင်လဲဆိုတာကို ထင်ရှားစေခဲ့ပါတယ်။
သူ့ရဲ့ လက်စတာနဲ့ပွဲက သွင်းဂိုးဟာ မက်ဆီရဲ့ သွင်းဂီုးနဲ့ပါ နှိုင်းယှဉ်ခံနေရပြီး အသက် ၂၈ နှစ်အရွယ် အယ်လ်မီရွန်က နည်းပြသစ်အက်ဒီဟိုဝီလက်အောက်မှာ ထူးထူးခြားခြားခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကလည်း ဒီရာသီမှာ ရှုံးပွဲတပွဲတည်းသာ ရင်ဆိုင်ထားရပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာအထိ ရောက်ရှိနေပြီး အမှတ်ပေးဖလားကိုပါ စိန်ခေါ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။