ဟာလန်းက နောက်တဂိုးရခဲ့ရင် တပွဲတည်း ၆ ဂိုးသွင်းပြီး စံချိန်သစ်တင်နိုင်မှာပါ။

လိုက်ဇစ်နဲ့ပွဲမှာ ဟာလန်းကို လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဂွါဒီယိုလာတယောက် မေးခွန်းထုတ်ခံနေရပါပြီ။ အဲဒီပွဲမှာ ဟာလန်းက ၅ ဂိုးအထိ သွင်းယူခဲ့ပြီးတော့ မက်ဆီနဲ့ လူးဝစ်အက်ဒရီယာနိုတို့ရဲ့ တပွဲတည်း ၅ ဂိုးသွင်းတဲ့ စံချိန်ကို လိုက်မီသွားခဲ့တာပါ။ ဟာလန်းအနေနဲ့ နောက်တဂိုးရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်မှာ တပွဲတည်း ၆ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့မှာပါ။ 

ဒါပေမယ့် ၆၃ မိနစ်မှာ သူ့ကို အယ်လ်ဗာရက်ဇ်နဲ့ ဂွါဒီယိုလာက လူစားလဲလှယ်သွားခဲ့ပြီး လက်ကျန်မိနစ် ၃၀ လောက်ကို ဟာလန်းကစားခွင့်မရခဲ့တော့ပါဘူး။ သူသာ ဆက်ကစားခဲ့ရဦးမယ်ဆိုရင် နောက်ထပ်သွင်းဂိုးတဂိုးလောက် ရနိင်တဲ့အနေအထားမှာရှိနေသေးတာဖြစ်ပြီး ဒီလိုသာဖြစ်ခဲ့ရင် သူ့အတွက် တကယ့်ကို အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံးညဖြစ်လာမှာ​ သေချာပါတယ်။ 

ဟာလန်းကိုယ်တိုင်ကလည်း သူ့ကို လူစားလဲချိန်မှာ သူ double ဟက်ထရစ်သွင်းယူချင်ခဲ့တာလို့ ဂွါဒီယိုလာကို ပြောခဲ့တယ်ဆို​ပြီး ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးက လာမယ့်ပွဲအဖြစ် အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဘန်လေနဲ့ ကစားရမှာပါ။ ဒါက အရေးကြီးပွဲစဉ်ဖြစ်ပြီး ဒီပွဲအတွက် ရည်ရွယ်ပြီး ဂွါဒီယိုလာက ဟာလန်းကို အနားပေးတာလည်း ဖြစ်နိုင်ပါတယ်။ 

ဒါပေမယ့် ပရိသတ်တွေကတော့ ဂွါဒီယိုလာက သူ့တပည့်ဟောင်းမက်ဆီရဲ့ စံချိန်ကို ဟာလန်းက ကျော်ဖြတ်သွားမှာကို စိုးရိမ်နေတာလားဆိုပြီး နောက်ပြောင်ကာ မေးခွန်းထုတ်နေပါတယ်။ မက်ဆီကလည်း ဂွါဒီယိုလာလက်အောက်မှာကစားရင်း လေဗာကူဆင်ဘက်ကို ၅ ဂိုးသွင်းခဲ့တာပါ။ ဒါကြောင့် သူ့တပည့်ဟောင်းနဲ့ သူအချစ်ရဆုံးဖြစ်ခဲ့တဲ့ မက်ဆီရဲ့ စံချိန်ကို ဟာလန်းက လိုက်မီခဲ့ပြီး ကျော်ဖြတ်မှာကို မလိုလားခဲ့တာဆိုပြီး ပရိသတ်တချို့ကတော့ အတည်လိုလို၊ နောက်သလိုလို ပြောဆိုနေကြပါပြီ။ 

ဘယ်လိုရည်ရွယ်ချက်လဲဆိုတာကိုတော့ ဂွါဒီယိုလာသာ အသိဆုံးဖြစ်မှာပါ။ ကစားသမားကလည်း သူ ဆက်ကစားချင်ခဲ့တယ်ဆိုတာကို ပွဲအပြီးမှာ ပွင့်ပွင့်လင်းလင်းပဲပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဥိးကြားမှာတော့ ဘာပြသနာမှမရှိခဲ့ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။ မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်သွားမှာစိုးလို့ဆိုတာက ပရိသတ်တွေရဲ့ တွေးလုံးသက်သက်သာဖြစ်ပါတယ်။

Share

Loading Next Article...
က္က