အာဂျင်တီးနားကတော့ ခရိုအေးရှားကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာဖ့လားဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲတုန်းက အုပ်စုတွင်းမှာ ခရိုအေးရှားကို ဂိုးပြတ်အရေးနိမ့်မှုကို ပြန်လက်စားချေနိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်လို့ ဒီနိုင်ပွဲက သူတို့အတွက် ချိုမြိန်ခဲ့တဲ့အပြင် မက်ဆီရဲ့ ခြေစွမ်းပြမှုတွေကလည်း ပရိသတ်တွေ ကျေနပ်လောက်စရာဖြစ်ခဲ့ပါတယ်။
မက်ဆီက ပင်နယ်တီကတဆင့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး သိပ်မကြာခင်မှာပဲ အယ်လ်ဗာရက်ဇ်က နောက်တဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အယ်လ်ဗာရက်ဇ်က တဂိုးထပ်သွင်းခဲ့ရာမှာတော့ မက်ဆီရဲ့ မှော်ဝင်အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပါတယ်။ ခရိုအေးရှားကွင်းဘက် ညာခြမ်းမှာ ဘောလုံးရထားတဲ့ မက်ဆီကို ပြိုင်ဘက်ကစားသမားက မလွတ်စတမ်းလိုက်လံလူကပ်နေခဲ့တာပါ။
ဒါပေမယ့် မက်ဆီက မရရအောင် ကျော်ဖြတ်ခဲ့ပြီး ဧရိယာထဲထိ ဝင်ခဲ့ကာ အယ်လ်ဗာရက်ဇ်ကို အနီးကပ်ပြန်ချပေးခဲ့တာပါ။ သူ့ရဲ့ ဖန်တီးပေးမှုကတော့ တကယ်ကို ချီးကျူးစရာကောင်းခဲ့ပါတယ်။ ပရိသတ်အားလုံး အံ့အားသင့်ခဲ့ရသလို ချီးကျူးခဲ့ရတဲ့ ဖန်တီးမှုဖြစ် ပြီး ခရိုအေးရှားကို သူတို့အနိုင်ရခဲ့ပြီဆိုတာ သေချာသထက်သေချာခဲ့တဲ့ ဂိုးဖြစ်ပြီး ပွဲကို အေးအေးဆေးဆေးထိန်းကစားနိုင်ခဲ့ပါတယ်။
၂၀၁၄ မှာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ဂျာမနီကို အရေးနိမ့်ခဲ့တဲ့ အာဂျင်တီးနားဟာ ၈ နှစ်အကြာမှာ နောက်ထပ်တကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လို့ ဆုဖလားရယူဖို့ အားခဲထားတဲ့ အာဂျင်တီးနားဟာ အောင်မြင်မှုနဲ့ လက်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ကာ ဗိုလ်လုပွဲမှာတော့ ပြင်သစ်- မော်ရိုကို ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။