ဒီမနက်ပိုင်းကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ခြေစမ်းပွဲမှာတော့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီတယောက် ခြေစွမ်းပြသွားခဲ့ပါတယ်။ နူးကမ့်ကနေ ထွက်တော့မလိုဖြစ်ခဲ့ရပြီးမှ စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့ ဒမ်ဘီလီက ဇာဗီလက်အောက်မှာ ပုံစံကောင်းရနေတဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒီမနက်ပွဲမှာလည်း မက်ဆီဝင်ပူးနေသလားထင်ရလောက်တဲ့ ပုံစံကိုပြသသွားခဲ့ပါတယ်။
ဘာစီလိုနာအတွက် အဖွင့်ဂိုးကို ဒမ်ဘီလီက သွင်းယူပေးခဲ့ရာမှာတော့ ညာတောင်ပံခြမ်းကနေ ဘောလုံးဆွဲယူလာခဲ့ပြီး ဂျူဗီကစားသမား ၃ ဦးကို ကျော်ဖြတ်ကာ ဧရိယာအတွင်း ညာခြေနဲ့ အနီးကပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂျူဗီကစားသမားတွေ ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပြီး ဒမ်ဘီလီရဲ့ လိမ်ခေါက်သွားခဲ့ပုံက မက်ဆီရဲ့ ပုံစံနဲ့ ထပ်တူကျနေခဲ့တာလည်းဖြစ်ပါတယ်။
တော်တော်လေးလှပပြီး အဆင့်အတန်းမြင့်တဲ့ဂိုးတဂိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ တောင်ပံကစားသမားတွေကတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ အပြိုင်အဆိုင်ခြေစွမ်းပြနေတာပါ။ အသစ်ခေါ်ယူထားတဲ့ ရာဖင်ဟာကလည်း ခြေစွမ်းပြနေသလို ဒမ်ဘီလီကလည်း သူ့ကို ပစ်ပယ်ထားလို့မရတဲ့ ခြေစွမ်းကို ပြသထားလို့ နည်းပြဇာဗီကိုတောင် ဦးနှောက်ခြောက်စဖေို့ ဖြစ်နေပါပြီ။
ဘာကာတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးကတော့ ဒီနေ့ပွဲမှာလညး် ပါဝင်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်သေးပါဘူး။ အသင်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့ကိုပဲ ဦးစားပေးနေဖွယ်ရှိပြီး သူ့ဆီက သွင်းဂိုးတွေကို မြင်ရဖို့ကတော့ အချိန်အနည်းငယ်လိုဦးမယ်ထင်ပါတယ်။ ဒီပွဲကတော့ တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး ဘာကာအတွက် ဒမ်ဘီလီတဦးတည်းက ၂ဂိုး၊ ဂျူဗီအတွက် မွိုက်ကီးန်တဦးတည်းက ၂ ဂိုးသွင်းယူပေးခဲ့ကြပါတယ်။