အာဂျင်တီးနားကွင်းလယ်ကစားသမားဟောင်း နက်စတာ ဂိုရိုဆီတိုက လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းဆီ ပြန်လာစေချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ် မရေမရာဖြစ်နေသူဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အလွတ်နဲ့ ထွက်ခွာနိုင်တယ်လို့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီကို စွန့်ခွာမယ်ဆိုရင် ရွေးချယ်စရာ အများအပြား ရှိနေမှာ ဖြစ်ပြီး ဆော်ဒီ အာရေဗျက ကလပ်အသင်းတွေနဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေက မက်ဆီကို ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။
ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဥရောပမှာ ဆက်လက်ကစားချင်တဲ့ဆန္ဒရှိနေတာကြောင့် နူးကမ့်ကို ပြန်လည် ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေအများဆုံးဖြစ်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ကြယ်ပွင့်ကစားသမားကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီက အာဂျင်တီးနားကြယ်ပွင့်က ၎င်းရဲ့ ကစားကွက်ထဲက ဘယ်နေရာမှာ အံဝင်နိုင်လဲဆိုတာကိုတောင် စဉ်းစားထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပြီး ဂိုရိုဆီတိုက ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံကို နူးကမ့်ပြန်လာတာ မြင်ချင်နေတာဖြစ်ပါတယ်။
အာဂျင်တီးနားကွင်းလယ်ကစားသမားဟောင်းက ၎င်းရဲ့ ကလေးတွေကို လီယွန်နယ် မက်ဆီ ကတ်တလန်ကို ပြန်လာတဲ့အချိန်ကျရင် ကြည့်ရှုဖို့ ခေါ်သွားမယ်လို့တောင် ကတိပေးထားခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် သူ့ကို ဘာစီလိုနာအသင်းဆီ ပြန်လာတာ မြင်ချင်ပါတယ်။ မက်ဆီက ဘာစီလိုနာပဲ။ ကျွန်တော် သူ စက်ဘီးစီးနေတာကို မြင်ခဲ့တဲ့အချိန်တုန်းက သူက ဘာစီလိုနာပဲ။ သူ့ကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဘာစီလိုနာကို ပြန်စေချင်ပါတယ်။ ကျွန်တော့်သား ၂ ယောက်ကို သူ ဘာဆာမှာ ဘောလုံးကစားရင် ကြည့်လို့ရအောင် ခေါ်သွားပေးမယ်လို့ ကတိပေးခဲ့ပြီးပါပြီ။ ဘုရားသခင် အလိုတော်အတိုင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
Share