ဂယ်ရီ နဗီးနဲ့ အီယန် ရိုက်တို့ဟာ အာဂျင်တီးနားက ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ အာဂျင်တီးနားကို အငြင်းပွားဖွယ် ပင်နယ်တီသတ်မှတ်ပေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန်နဲ့ စကားများခဲ့ကြပါတယ်။
အာဂျင်တီးနားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားကို ၃-၀ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲရယူပြီး တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပထမပိုင်းမှာပဲ လီယွန်နယ် မက်ဆီနဲ့ ယူလီယန် အဲဗရက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးတိုက်စစ်မှူး အဲဗရက်ဇ်က ၎င်းရဲ့ ဒုတိယမြောက် သွင်းဂိုးကို ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့တဲ့အချိန်မှာ မက်ဆီရဲ့ အလွန်ကောင်းမွန်တဲ့ ထိုးဖောက်ပြေးလွှားမှုကနေတဆင့် ပေးပို့မှုကို အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လူဆေးလ်ကွင်းမှာ အနိုင်ရရှိဖို့ ထိုက်တန်သူတွေ ဖြစ်ခဲ့ကြပေမယ့်လည်း အဖွင့်ဂိုးအတွက် ပင်နယ်တီ သတ်မှတ်ပေးခဲ့တဲ့ကိစ္စမှာတော့ အငြင်းပွားစရာတွေရှိခဲ့တာဖြစ်ပြီး အဲဗရက်ဇ်ဟာ ခရိုအေးရှား ဂိုးသမား လီဗာကိုဗစ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် အာဂျင်တီးနားက ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။
နဗီး၊ အီယန် ရိုက်နဲ့ ရွိုင်ကိန်းတို့အားလုံးဟာ အာဂျင်တီးနားအသင်းကို ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပြီး အဲဗရက်ဇ်ဟာ ထိခိုက်မှုဖြစ်အောင် လှုံ့ဆော်ခဲ့ပြီး လီဗာကိုဗစ်ကို ထိတွေ့မှု ဖြစ်ဖို့ကလွဲပြီး ရွေးချယ်စရာမပေးခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဝေါ်လ်တန်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်ဂန္တဝင် ၂ ဦးကို ပထမပိုင်းအပြီး ITV ရုပ်သံထုတ်လွှင့်မှုမှာ ပြန်လည်တုံ့ပြန်ခဲ့ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မာ့ခ် ပူးဂတ်ချ်- ပထမပိုင်းမှာ အာဂျင်တီးနားက ၂-၀ ဖြစ်နေတယ်။ တစ်ပွဲလုံးရဲ့ အဓိကအခိုက်အတန့်ကိုပဲ တန်းသွားလိုက်ရအောင်။ ဂယ်ရီရေ ဒီဟာက ပင်နယ်တီဖြစ်ခဲ့သင့်လား။ ခင်ဗျာ ဘယ်လိုထင်လဲ။
ဂယ်ရီ နဗီး-ဟင့်အင်း။ လုံးဝ မဖြစ်သင့်ဘူး။ အဲဒါက ပင်နယ်တီလို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ အဲဒီနောက်မှာ ရှိနေခဲ့တာပါ။ ဂိုးသမားက ထွက်လာပြီး ဂိုးမကန်သွင်းခင်မှာ သူ့ဘာသာ ရပ်တန့်ခဲ့တာပါ။ အဲဗရက်ဇ်က သူ့ဆီ တည့်တည့်ပြေးဝင်လာပြီး သူ့ခြေထောက်ကို ဆွဲချိတ်သွားခဲ့တာပါ။ ဒါက ပင်နယ်တီမဟုတ်ဘူး။ ဂိုးသမားက ဘောလုံးကို ကာကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီရွေ့လျားမှုကို လုပ်ရမှာပါ။ သူသာ အဲဗရက်ဆီ ဆက်ပြေးလွှားခဲ့ပြီး သူ့ကို ဝင်တိုက်ခဲ့တာဆိုရင်တော့ ပေးသင့်ပါတယ်။ ဒါပေမယ့် သူ အဲဒီလိုမလုပ်ခဲ့ဘူး။ ဘယ်လိုဖြစ်ပြီး ဒါက ပင်နယ်တီဖြစ်သွားလဲ ကျွန်တော် မသိဘူး။
အီယန် ရိုက်- ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျား အဲဒီဖြစ်စဉ်ကို ထပ်ကြည့်တဲ့အခါမှာ တိုက်စစ်မှူးက အမှန်တကယ်ကို ချော်ကန်ခဲ့တယ်။ သူ ဘောလုံးကို ကောင်းမွန်တဲ့ထိတွေ့မှု မလုပ်နိုင်ခဲ့ဘူး။ ဂိုးသမားကလည်း ဘာမှ မလုပ်နိုင်ပေမယ့်လည်း သူ့ဘာသာ ရပ်နေခဲ့တာပါ။ အဲဗရက်ဇ်က သူ့ဆီ ပြေးဝင်သွားခဲ့ပြီး ဒိုင်လူကြီးက နောက်တစ်ခေါက်တောင် ပြန်မကြည့်ခဲ့ပါဘူး။ ကျွန်တော် အဲဒါကို နားမလည်နိုင်ဘူး။
ရွိုင် ကိန်း- ခြုံပြောရရင် သူ့ကို ဂိုးဆီ ပြေးခွင့်ပေးလိုက်တာက ဆိုးရွားတဲ့ ခံစစ်ကစားပုံပဲ။ ဒါပေမယ့် ခင်ဗျားတို့ ပြောတာ ကျွန်တော် သဘောတူတယ်။ အဲဒါက ပင်နယ်တီလို့ မထင်ဘူး။ ဂိုးသမားက သူ့နေရာသူမရပ်လို့ ဘယ်သွားနေရမှာလဲ။
ပီတာ ဝေါ်လ်တန်-ဘောလုံးကို အနိုင်ရတယ်လေ။ သူက ဘောလုံးကို လုယူဖို့ ကြိုးပမ်းနေပြီး ဘောလုံးကို လုံးလုံးလွဲချော်သွားခဲ့ပြီး ကစားသမားကိုပဲ ဖမ်းမိခဲ့တယ်။ အဲဒါက ပြစ်ဒဏ်ဘော ဖြစ်ရမှာပါ။ သူက တိုက်စစ်မှူးရဲ့ ပြေးလမ်းကြောင်းထဲမှာ ရှိနေတယ်။ အဲဒီတော့ သူက သူ့ရဲ့ ပြေးလွှားမှုကို တားဆီးထားတယ်။ သူက ဘယ်ကို သွားနေရမှာလဲဆိုပြီး သူတို့ပြောနေတဲ့စကားကို ကျွန်တော် နားလည်တယ်။ ဒါပေမယ့်လည်း ခင်ဗျား ဂိုးသမားမဟုတ်တဲ့ ကစားသသမားက ဖျက်ထုတ်ဖို့ လျှောထိုးပြီး သူ ဘောလုံးကို လွဲပြီး လူပဲ ထိရင် ဆိုတာကို တွေးကြည့်လိုက်လေ။ အဲဒါက အမြဲတမ်း ပြစ်ဒဏ်ဘောပဲ။
အီယန် ရိုက်- မဟုတ်ဘူး။။ မဟုတ်ဘူး။
ဂယ်ရီ နဗီး- ပီတာ ခင်ဗျားက ဘောလုံးနဲ့အတူ လာနေတဲ့ ကစားသမားကို လွတ်လွတ်လပ်လပ် ကန်သွင်းလို့ရအောင် ဂိုးသမားကို ဖယ်ပေးဖို့ ပြောနေတာလား။
ပီတာ ဝေါ်လ်တန်- မဟုတ်ပါဘူး။ သူက လမ်းဖယ်ပေစရာမလိုပေမယ့်လည်း သူက ဘောလုံးနဲ့ ထိတွေ့မှုအချို့ရှိအောင် လုပ်ဖို့ လိုပါတယ်။
ဂယ်ရီ နဗီး- သူ ထိဖို့ လိုအပ်တာလား။
ပီတာ ဝေါ်လ်တန်- အဲဒီလိုမှမဟုတ်ရင် သူက သူ့ဆီ ပြေးလာနေတဲ့ ကစားသမားရဲ့ ပြေးလွှားမှုကို ပိတ်ဆို့တယ်လို့ သတ်မှတ်ခံရပါလိမ့်မယ်။
မာ့ခ် ပူးဂတ်ချ်- ဒါပေမယ့် ပီတာ။ ခင်ဗျား ပြောတာက ဘောလုံးက သူ့ကို ထိဖို့ လိုတယ်။ အဒီလိုမှ မဟုတ်ရင် ပြစ်ဒဏ်ဘောလို့ အဓိပ္ပာယ်ဖွင့်နေတာလား။
ပီတာ ဝေါ်လ်တန်- မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရှေ့ကို ရွေ့လျားနေမှုက ထိခိုက်မှု ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့ရင် သူက ချဉ်းကပ်မှုမှာ ပေါ့လျော့မှု ရှိခဲ့လို့ပါ။
အီယန် ရိုက်- ဝေါင်း။
ပီတာ ဝေါ်လ်တန်- အဲဒါက ပြစ်ဒဏ်ဘောပဲ။ အဲဒါက ပြင်းထန်လွန်းပုံပေါ်ကောင်း ပေါ်နိုင်ပေမယ့် အဲဒါက ပြစ်ဒဏ်ဘောပဲ။ ခင်ဗျား ခေါင်းခါပြီး အဲဒါက ပြစ်ဒဏ်ဘောမဟုတ်ဘူးလို့ ပြောမယ်ဆိုရင် အခု ရုန်းရင်းဆန်ခတ်ဖြစ်မှာကို စိတ်ကူးကြည့်လို့ရနိုင်လား။ အဲဒါက ပြစ်ဒဏ်ဘောပဲ။
အီယန် ရိုက်- အဲဒါက ပြစ်ဒဏ်ဘော မဖြစ်ခဲ့ပါဘူး။
ဂယ်ရီ နဗီး- ကျွန်တော်က နောက်ခံကစားသမားဖြစ်ပြီး တိုက်စစ်မှူးက ဂိုးကန်သွင်းဖို့လုပ်နေရင် ကျွန်တော့်ခြေထောက်နဲ့ အဲဒါကို ပိတ်ဆို့မှာပါ။ သူ ကျွန်တော့်ကို ကျော်ဖြတ်သွားပြီး ကျွန်တော့်ဆီ ပြေးလာရင်တော့ အဲဒါက ပြစ်ဒဏ်ဘောမဖြစ်နိုင်ဘူး။ ခင်ဗျား ဂိုးကန်သွင်းမှုကို ကြိုးစားပြီး ပိတ်ဆို့ရမှာပဲ"