ပြင်သစ်သတင်းဌာန L'Equipe က လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အတွင်းက တတိယမြောက် ဦးဆောင်ဂိုးကို ခွင့်မပြုခဲ့သင့်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးဆုံးခဲ့တာ အခုဆိုရင် တစ်ပတ်လောက်ရှိနေပြီဖြစ်ပေမယ့်လည်း ပြင်သစ်နိုင်ငံမှာတော့ ဗိုလ်လုပွဲရလဒ်ကို လက်မခံနိုင်ကြသေးဘဲ ဖွဲမီးလို တငွေ့ငွေ့နဲ့ တောက်လောင်နေဆဲဖြစ်ပါတယ်။ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ဟာ ကာတာက မယုံနိုင်စရာကောင်းခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီးနောက် သည်းထိတ်ရင်ဖိုစွာနဲ့ ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရာမှာ အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြင်သစ်သတင်းဌာနကြီးက လီယွန်နယ် မက်ဆီသွင်းယူခဲ့တဲ့ အချိန်ပိုက သွင်းဂိုးကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး ဘောလုံးဥပဒေသတစ်ခုကို ရည်ညွှန်းပြီး နောက်ဆုံး ကြိုးပမ်းမှုတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ "ဘာကြောင့် အာဂျင်တီးနားရဲ့ တတိယမြောက်သွင်းဂိုးက ခွင့်ပြုပေးခြင်းမခံခဲ့ရသင့်တာလဲ"ဆိုတဲ့ ခေါင်းစဉ်နဲ့ L'Equipe က မက်ဆီရဲ့ သွင်းဂိုးကို တရားဝင်မှုရှိ၊ မရှိ ပရိသတ်တွေ ငြင်းခုံဖို့အတွက် လမ်းကြောင်းပေးခဲ့တာဖြစ်ပြီး အငြင်းအခုံဟာ စိတ်ခံစားမှုပြင်းထန်နေတဲ့ လူစားဝင်ကစားသမား ၂ ဦးက ဘောလုံးဂိုးစည်းမကျော်ခင် ကွင်းထဲဝင်လာတဲ့ကိစ္စမှာ ပတ်ချာလည်ရိုက်နေတာဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာလည်း ဘောလုံးက ဂိုးစည်းကို မကျော်ခင်မှာ အရန်ကစားသမား ၂ ဦးဟာ ကွင်းထဲရောက်နေတာကို မြင်တွေ့ခဲ့ရပြီး L'Equipe က ဘောလုံး ဥပဒေသ စာပိုဒ် ၉၊ ဥပဒေသ ၃ ကို ရည်ညွှန်းပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ "အကယ်၍ ဂိုးသွင်းပြီးနောက် ဒိုင်လူကြီးက ဂိုးသွင်းချိန်မှာ ကွင်းထဲကို လူအပိုရောက်နေခဲ့တယ်လို့ သတိပြုမိမယ်ဆိုရင် ပွဲပြန်လည်မစတင်မီမှာ ဂိုးကို ခွင့်မပြုဘဲ ထားရမည်။ အကယ်၍ လူပိုဟာ ကစားသမား၊ အရန်၊ အရန်လူစားဝင်ကစားသမား၊ ထုတ်ပယ်ခံထားရတဲ့ ကစားသမား သို့မဟုတ် ဂိုးသွင်းတဲ့အသင်းဘက်က အသင်းတာဝန်ရှိသူဖြစ်နေခဲ့ရင် လူပိုရှိတဲ့နေရာကနေ အလွတ်တည်ကန်ဘောနဲ့ ပွဲကို ပြန်လည်စတင်ရမည်"လို့ ဥပဒေသထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
အချို့ကလည်း ဂွန်ဇာလို မွန်တီရယ်က လော်တာရို မာတီနက်ဇ်ကို မျှောထိုးပေးခဲ့ပြီးနောက်မှာ မက်ဆီဟာ ဂိုးရှေ့ကို ပြေးသွားချိန်မှာ လူကျွံနေခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ လူကျွံအနေအထားကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဒိုင်လူကြီးဖြစ်တဲ့ ဆီမွန် မာချီညပ်က ယခုအပတ်မှာ အမ်ဘာပေရဲ့ သွင်းဂိုး သွင်းယူချိန်မှာလည်း ပြင်သစ်အရန်ကစားသမား ၅ ဦးအထိ ကွင်းထဲကို ကျူးကျော်နေခဲ့တယ်လို့ တုံ့ပြန်ပြီး ဖြေရှင်းခဲ့တာဖြစ်ပါတယ်။