ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားဟာ မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် အမှားအယွင်းကျူးလွန်ခဲ့ပြန်ပါတယ်။ ဒီအမှားကြောင့်ပဲ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပေးလိုက်ရပြီး ယူနိုက်တက်ပရိသတ်တွေကလည်း မက်ဂွိုင်းရားကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။
ဒဗ္ဗလင်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ မက်ဂွိုင်းရားက အမှားအယွင်းကျူးလွန်ခဲ့ပြီး ဒီအမှားကတစ်ဆင့် ဘီလ်ဘာအို ကစားသမား နီကိုဝီလီယံစ်က ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးကတည်းက ကွင်းအတွင်းမှာရှိနေတဲ့ ယူနိုက်တက်ပရိသတ်တွေက မက်ဂွိုင်းရားကို ဝိုင်းဝန်းအော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရပါတယ်။
ဒီအကြောင်းကိုလည်း ယူနိုက်တက်သတင်းထောက် ဆမ်မြူရယ်လက်စ်ဟာ့စ်က သူ့ရဲ့တွစ်တာကတစ်ဆင့် အတည်ပြုပေးခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ဒီပွဲမှာ ဂိုးသမား ဟီတန်၊ နောက်ခံလူ ဝမ်ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ အယ်လ်ဗာရိုဖာနန်ဒက်ဇ်တို့နဲ့အတူ တွဲဖက်ပွဲထွက်ခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုး အမှားအယွင်းကျူးလွန်ခဲ့ပြီးနောက် မက်ဂွိုင်းရားက ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ အသင်းရရှိခဲ့တဲ့ ချေပဂိုးအတွက် ပယ်လီစထရီကို ခေါင်းတိုက်ပြီး ဂိုးဖန်တီးပေးခဲ့ပြန်ပါတယ်။
အဲ့ဒါကြောင့်လည်း မက်ဂွိုင်းရားကတော့ သူ့ကို လှောင်ပြောင်နေတဲ့ ယူနိုက်တက်ပရိသတ်တွေကို အခက်တွေ့စေခဲ့ပြီး သူ့အတွက်လည်း ခံစားချက်တွေ ရောထွေးနေမယ့် ခြေစမ်းပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ သူ့ကို ရောင်းချဖို့ ယူနိုက်တက်က ပြင်ဆင်ထားပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) အထိ သတ်မှတ်ထားတာကြောင့် ရောင်းထုတ်ရခက်ခဲနေပါတယ်။
မက်ဂွိုင်းရားကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ဆက်နေဖို့ ဆန္ဒရှိနေပြီး ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း အခုခြေစမ်းပွဲတွေမှာတောင် မက်ဂွိုင်းရားက တန်ဟက်ခ် ကျေနပ်လောက်စရာ ပုံစံမျိုးကို မပြသနိုင်သေးတာကြောင့် လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေရင်တောင် မက်ဂွိုင်းရားက အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ မရှိတော့ပါဘူး။