ထောင်ဒဏ်ကျခံနေရစဉ်အတွင်း Bambi ရုပ်ရှင်ကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ကြည့်ရမှာပါ။

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှ တရားသူကြီးတစ်ဦးက သမင်တွေခိုးသတ်သူတစ်ဦးကို အကျဉ်းထောင်ထဲမှာ Walt Disney ရဲ့ Bambi အန်နီးမေးရှင်း ကာတွန်းရုပ်ရှင်ကို အကြိမ်ကြိမ်ကြည့်ရှုရန် အမိန့်ချမှတ်လိုက်ပါတယ်။

(Photo: Lawrence County Sheriff)

တရားခံ ဒေးဗစ်ဘယ်ရီဂျူနီယာကို ၎င်းရဲ့ထောင်ဒဏ် တစ်နှစ်ကျခံနေရစဉ်အတွင်း ၁၉၄၂ ခုနှစ် သြဂုတ်လမှာထွက်ရှိခဲ့တဲ့ Bambi ရုပ်ရှင်ကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ကြည့်ရမယ်လို့ တရားသူကြီးက အမိန့်ချခဲ့ပါတယ်။ Walt Disney က ထုတ်လုပ်ခဲ့တဲ့ Bambi ဇာတ်ကားဟာ မုဆိုးတစ်ဦး သတ်ဖြတ်မှုကြောင့် မိခင်သမင်မကြီး သေဆုံးသွားခဲ့တဲ့ သမင်းငယ်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

(Photo: Walt Disney)

ယခု အမိန့်ချမှတ်ခံရတဲ့ ဒေးဗစ်ရဲ့အမှုဟာ တောရိုင်းတိရိစ္ဆာန် တရားမဝင် ခိုးသတ်မှုတွေအနက် အကြီးဆုံးအမှု ဖြစ်တယ်လို့လည်း ဥပဒေစိုးမိုးရေးအရာရှိတွေက ပြောထားပါတယ်။ ဒေးဗစ်နဲ့ မိသားစုဝင်နှစ်ဦးကို သုံးနှစ်အတွင်း သမင်ကောင်ရေ ရာနဲ့ချီ သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း Missouri Department of Conservation ရဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"သမင်ကို တရားမဝင် အမဲလိုက်တမ်း ကစားနေကြတယ်၊ အများစုက ညဘက်မှာပေါ့၊ သူတို့ရဲ့ ဦးခေါင်းကိုရယူဖို့အတွက် ဒီလိုအမဲလိုက်ကြတယ်၊ သမင်ခေါင်းကိုယူပြီးရင် ခန္ဓာကိုယ်ကို ဒီအတိုင်း စွန့်ပစ်ထားခဲ့ကြတယ်" လို့ လောရင့်ကောင်တီ အစိုးရရှေ့နေ Don Trotter က ပြောပါတယ်။

(Photo: Getty Images)

၂၀၁၅ ခုနှစ် သုံးလအတွင်းမှာ ဒေးဗစ်မိသားစုက သမင်ကောင်ရေ ၁၀၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့ရဲ့ ဖုန်းများထဲမှ ဓာတ်ပုံတွေအရ သိခဲ့ရတယ်လို့လည်း Trotter က ဆိုပါတယ်။ ဒေးဗစ်ဟာ တောရိုင်းဥပေဒချိုးဖောက်မှုတွေကြောင့် ယခင်ကတည်းက အမဲလိုက်ခွင့် ရုပ်သိမ်းခံထားရပြီး စောင့်ကြည့်ကာလဖြင့် နေထိုင်ရသူလည်း ဖြစ်ပါတယ်။ ၎င်းနဲ့ အခြားအမျိုးသားနှစ်ဦးတို့ဟာ စုစုပေါင်း ဒဏ်ကြေးနဲ့တရားရုံးစရိတ် အမေရိကန်ဒေါ်လာ ၅၁,၀၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က