၂ ပတ်ကြာခဲ့ပြီဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ အသက်ငါးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရပြီး ရေမြောင်းထဲစွန့်ပစ်ခံရတဲ့ အမှုမှာ ၂ ပတ်ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့မရဲစခန်းကနေ သိရပါတယ်။

ကလေးငယ်ဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီး ပျောက်ဆုံးခဲ့တာကြောင့် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့မှာ ၂ ပတ်တိတိပြည့်ပြီဖြစ်ပေမယ့် တရားခံကိုဖမ်းမိနိုင်သေးတာမရှိသေးပါဘူး။ "တရားခံကို စုံစမ်းနေဆဲပါပဲ” လို့ မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုအတွင်း ခြံစည်းရိုးမရှိတဲ့ ပျံကျအိမ်မှာနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် မိန်းကလေးဟာ နေအိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာမှ နောက်တစ်နေ့မှတော့ အမှတ် (၃) လမ်းမကြီးဘေးမှာ ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံပြီး သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ည ၈ နာရီလောက်မှာ မိခင်ဖြစ်သူက သေဆုံးခဲ့သူ မိန်းကလေးကို (၂)နှစ်အရွယ် အခြား ကလေးတစ်ဦးနဲ့အတူ အိမ်မှာသိပ်ထားခဲ့ပြီး အိမ်နားမှာရှိတဲ့ ကလေးရဲ့အဖေ ခင်ပွန်းဖြစ်သူရဲ့စက်ဘီးပြင်ဆိုင်ကို ခေတ္တသွားစဉ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

မိဘနှစ်ပါးစလုံး ည ၉ နာရီလောက် နေအိမ်ကို ပြန်ရောက်လာတဲ့အခါမှာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးဟာ အခြားကလေးနဲ့အတူ ခြင်ထောင်ထဲမှာ အိပ်နေတယ်ထင်ပြီး မကြည့်ခဲ့မိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူက မအိပ်သေးဘဲ သတင်းစာဖတ်နေရာက ည ၁၂ နာရီလောက်မှာ သမီးကိုကြည့်ရာ မတွေ့တော့ပဲ ပျောက်ဆုံးနေတာကြောင့် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး လိုက်ရှာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေငါးနာရီလောက်မှာတော့ ကျောင်းမှပြန်လာတဲ့ ကျောင်းသားလေးတွေက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေး ရေမြောင်းထဲမှာ သေဆုံးနေတဲ့မိန်းကလေးကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က