ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။
အဲဒီရှစ်ထပ်တိုက်မှာ လူနာရဲ့ မိသားစုဝင် ၁၁ စု၊ လူဦးရေ စုစုပေါင်း အယောက် ၂၀ နေထိုင်ပြီး လူနာရဲ့ မိသားစုဝင်တစ်ဦးမှာ လူနာမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတာကို လက်မခံနိုင်တာကြောင့် ပူးပေါင်းဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ဆိုပါတယ်။
“လူနာက နှာခေါင်းကင်ဆာရှိတာ နှစ်နှစ်လောက်ရှိပြီ။ နိုင်ငံခြားမှာ သွားကုတယ်။ ပြန်လာတယ်။ မသက်သာရင်ပြန်သွားကုတယ်။အခုနောက်ဆုံးအခြေအနေရောက်ပြီးပြန်လာတယ်။ နေအိမ်မှာထားပြီး နောက်ဆုံးအခြေအနေကို စောင့်နေတာပေ့ါ။စောင့်နေတဲ့အချိန်မှာ မနေ့က ဖျားတယ်ဆိုပြီး ဆေးရုံကြီးရောက်တယ်။ စစ်တဲ့အခါမှာ ရောဂါပိုးတွေ့တယ်။ ဒါကို သူတို့ဘက်က လက်မခံချင်သလို ပုံစံတွေ ရှိနေတယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ နည်းနည်းလေး အထစ်အငေါ့တွေ ဖြစ်တာပေါ့။” လို့ ဦးလှဌေးက Duwun ကိုပြောပါတယ်။
လက်ရှိတော့ လူနာရဲ့ မိသားစုဝင်တွေ အားလုံးကို နေအိမ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်တာ၊ အိမ်ဝန်းကျင်တစ်ဝိုက်မှာ ဆေးဖြန်းတာ၊ နေအိမ်ကထွက်တဲ့ အမှိုက်တွေကိုလည်းသီးခြားစွန့်ပစ်မယ့် အစီအစဉ်မျိုးတွေကိုလည်းလုပ်ဆောင်နေပြီလို့သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မတ်လ ၂၇ ရက် မနက် ၁ နာရီ ၄၉ မိနစ်ထုတ်ပြန်ချက်အရ Positive လူနာ (၂) ဦးထပ်မံတိုးခဲ့တယ်လို့သိရပါတယ်။
တစ်ဦးကတော့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါနဲ့ သြစတြေးလျမှာ (၁) လခန့်ဆေးကုသခဲ့ပြီး မြန်မာနိုင်ငံကို အပြန်မှာ စင်ကာပူမှာ ၄ ရက်ကြာနေထိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံကိုတော့မတ်လ ၁၄ ရက်က ရောက်ရှိခဲ့ပြီး မတ်လ ၁၈ ရက်စပြီးဖျားနာ၊ချောင်းဆိုး၊ဝေဒနာတွေခံစားခဲ့ရလို့ မတ်လ ၂၅ ရက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ICU) မှာကုသပေးနေခဲ့ပြီးနောက် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလို့သိရပါတယ်။
မန္တလေးက လူနာကတော့ အမေရိကန်နိုင်ငံသားခံယူထားသူ အသက် ၃၃ နှစ်အရွယ် မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်ကနေ ရန်ကုန်ကို မတ်လ ၁၉ ရက်က ရောက်ရှိခဲ့ပြီးတောင်ဥက္ကလာပမြို့နယ်မှာ တစ်ညအိပ်နေထိုင်ခဲ့ပါတယ်။
မတ်လ ၂၀ ရက်မှာတော့ ရန်ကုန်ကနေ မန္တလေးကို ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ သွားရောက်ပြီး ကားဂိတ်ကနေ မီနီအိုးဝေနဲ့ ချမ်းမြသာစည်မြို့နယ်က နေအိမ်ကို သွားရောက်ခဲ့ပါတယ်။
မတ်လ ၂၂ ရက်မှာတော့ ဖျားနာချောင်းဆိုးဝေဒနာတွေခံစားခဲ့ရလို့ မန္တလေးဆေးရုံကြီးကို မတ်လ ၂၅ ရက်မှာ လာပြသခဲ့ပြီး ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ကုသပေးနေခဲ့စဉ်အတွင်း ရောဂါပိုးရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၅) ဦးရှိသွားပြီး ရန်ကုန်တိုင်းမှာ (၂) ဦး၊ မန္တလေးတိုင်းမှာ (၁) ဦးနဲ့ ချင်းပြည်နယ်မှာ (၁) ဦးဖြစ်ပါတယ်။
Share