COVID-19 Positive လူနာ တွေ့ရှိခဲ့တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေ့လယ် ၃ နာရီ ည ၁၁ နာရီအထိ ကုန်စုံရောင်းချတဲ့ ဈေးတန်းကြီးကို ပိတ်သိမ်းသွားမှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာလည်း
ပါဆယ်စနစ်နဲ့သာ ဝယ်ယူခွင့်ရတော့မယ်လို့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
Photo-Positive လူနာတွေ့ရှိခဲ့တဲ့ ရှစ်ထပ်တိုက်ကို Lock Down လုပ်ထားစဉ်။
ဒီကြေညာချက်ဟာ မတ်လ ၂၈ ရက်ကနေ နောက်ထပ် ၁၄ ရက်အထိ အကျုံးဝင်မှာဖြစ်ပြီး မြန်မာ့ဂုဏ်ရည်လမ်း၊အာသောကလမ်း၊ လွတ်လပ်ရေးရ
ပ်ကွက်က ဗိုလ်မင်းရောင်လမ်း၊အာသားလမ်း၊ ကွက်သစ်လမ်းပေါ်မှာရှိတဲ့ ပျံကျဈေးတန်းကြီးမှာ ရှိတဲ့ ဈေးသည်တွေအားလုံးကို လုံးဝရောင်းချခွင့်မပေးတော့သလို
မြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင်၊လက်ဖက်ရည်ဆုင် တွေကိုတော့ ပါဆယ်ရောင်းချခွင့်ပေးမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။
" ဒီနေရာတွေက လူတွေက တစ်ယောက်နဲ့တစ်ယောက်တိုးဝှေ့ပြီးတော့ အမြဲတမ်းသွားလာနေတဲ့နေရာတွေဖြစ်နေတယ်။ အဲဒီလိုနေရာမျိုးမှာ ကျွန်တော်တို့လူနာကို မတွေ့သေးဘဲ ကိုယ့်ကိုကိုယ် ကူးစက်ထားတယ်ဆိုတာကို
မသိသေးတဲ့ လူတစ်ယောက်ဝင်လာတယ်ဆိုရင်ပဲ လူပေါင်းရာနဲ့ချီပြီး ရောဂါကူးစက်သွားမှာဖြစ်တယ်။ အဲဒါကြောင့် အဲဒီလိုမျိုးတွေမဖြစ်ဖို့ ကျွန်တော်တို့က ကြိုတင်ကာကွယ်ရေးတွေကိုအားစိုက်ပြီးလုပ်နေတာပါ။"လို့ ဦးလှဌေးက ပြောပါတယ်။
စားသောက်ဆိုင်တွေအနေနဲ့ကတော့ အရင်လို ခုံတွေနဲ့ ထိုင်စားလို့ရတော့မှာမဟုတ်ဘဲ ပါဆယ်နဲ့သာ ဝယ်ယူခွင့်ရတော့မှာဖြစ်ပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ COVID-19 Positive အတည်ပြုလူနာတွေ့ရှိပြီးတဲ့နောက် ဆက်ပြီး မပြန့်ပွားအောင် ကာကွယ်တဲ့အနေနဲ့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိရန်ကုန်တိုင်းအတွင်းက မြို့နယ်တစ်ချို့မှာ COVID-19 နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသန္တရ အမိန့်တွေ ထုတ်ပြန်ကြေညာတာမျိုးတွေ၊ ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေအနေနဲ့ ပြည်ပက ပြန်လာတဲ့သူတွေအနေနဲ့သတင်း
ပို့ဖို့၊သံသယလက္ခဏာတွေ့ရှိရင် ချက်ချင်းအကြောင်းကြားဖို့၊ အများပြည်သူစိုးရိမ်ထိတ်လန့်စေတဲ့သတင်းအမှားတွေ မဖြန့်ဝေဖို့ စတဲ့ ကြေညာချက်တွေကိုလည်း မြို့နယ်တွေအလိုက် ထုတ်ပြန်ထားတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 positive လူနာ (၅) ဦးရှိနေပြီး ရန်ကုန်မှာ (၃)ဦး၊ မန္တလေးမှာ (၁) ဦးနဲ့ ချင်းပြည်နယ်မှာ (၁) ဦးတို့ဖြစ်တယ်လို့သိရပါတယ်။
Share