ဒီကနေ့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ၊(၉၇)လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
photo- မအူကုန်းလမ်းကျယ်ပရဟိတအသင်း
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့အလောင်းတွေကို ရန်ကုန်ဆေးရုံကြီး အမှုစစ်နေရာမှာပို့ဆောင်ထားတယ်လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီခဲ့တဲ့ မအူကုန်းလမ်းကျယ်ပရဟိတအသင်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းထွန်းက Duwun ကိုပြောပါတယ်။
“ သေဆုံးတဲ့သူတွေက အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၆၈)နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက်(၈)အရွယ်ယောကျာ်းလေးတစ်ဦး (၃)ဦးသေဆုံးတယ်။ ဖြစ်စဉ်က အခုကျွန်တော်တို့ သိရသလောက်ကတော့ အခုသေသွားတဲ့ကလေးက အခန်းထဲမှာ မီးနဲ့ဆော့တယ်လို့သိရပါတယ်။ ဒါပေမယ့် သေချာမသိရသေးဘူး အခုသိရသလောက်ကိုပြောတာ။ သေဆုံးတဲ့သူ (၃)ဦးလုံးကတိုက်ခန်းအတွင်းမှာပဲ မီးခိုးငွေ့တွေနဲ့ ပိတ်မိပြီးသေဆုံးသွားတာ။ ကျွန်တော်တို့မီးငြှိမ်းသတ်တာတောင် မီးတောက်ကိုမမြင်ရဘူး မီးခိုးတွေပဲတွေ့တယ်”လို့ ဦးကျော်ဝင်းထွန်းက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ တိုက်ခန်းရဲ့ ဘေးကပ်လျှက်အခန်းမှာနေထိုင်တဲ့သူ (၂)ဦးမှာလည်း ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက ရန်ကုန်ဆေးရုံကြီးမှာဆေးကုသမှုခံနေသလို တစ်ဦးက ရပ်ကွက်ထဲက ဆေးခန်းမှာပဲဆေးကုသမှုခံယူလိုက်တယ်လို့ ဦးကျော်ဝင်းထွန်းက ပြောပါတယ်။အဆိုပါမီးလောင်မှုဟာ ဒီကနေ့ မနက် (၁၁)နာရီ မိနစ်(၃၀)လောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အချိန်နာရီဝက်ကျော်ကြာမီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကိုတော့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက Level (1) အဆင့် သတ်မှတ်ထားပြီး မီးသတ်ယာဉ်(၁၅)စီးကျော်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။