အိမ်ထောင်သက်တမ်း ၁၃ နှစ်ပြည့်ပြီဖြစ်တဲ့ ခီမောင်နှံက Anniversary အထိမ်းအမှတ်အနေနဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတစ်ခုဖန်တီးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အချစ်ကိုတော့ အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။
Photo: Zen Kyi
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ ဇွန်လ ၂၅ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အမှတ်တရနေ့လေးမှာ ညစာအတူတူစားကြရင်း ဇနီးချောလေး ပျော်ရွှင်နေတာကိုကြည့်ပြီး ပီတိဖြစ်တယ်လို့ ဇဏ်ခီက ဆိုပါတယ်။
‘’သူပျော်ရင် ကျွန်တော်ပျော်တယ်။ Happy Anniversary babe’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အထပ်မြင့် နေရာ တစ်နေရာမှာ Dinner အတူတူစားခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်လေးကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးကို အားပေးတဲ့ ပရိသတ်တွေကလည်း အမှတ်တရ နေ့လေးအတွက် ဂုဏ်ပြုစကားဆိုခဲ့ကြပါသေးတယ်။
Photo: Zen Kyi
ခရစ္စတီးနားခီက ချစ်ရတဲ့ခင်ပွန်း ဇဏ်ခီ ရဲ့ အချစ်နဲ့တင် ပိုင်ဆိုင်ထားတဲ့ ဘဝလေးက ပြည့်စုံနေပြီလို့ ဆိုပါတယ်။ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အတူတူရင်ဆိုင်ခဲ့ရတဲ့ အမှတ်တရတွေကို ခရစ္စတီးနားခီက ပြောပြလာပါတယ်။
‘’လူ့ဘဝဆိုတာ မပြေလည်ခြင်းတွေ စိတ်ညစ်စရာတွေ ဒုက္ခတွေ အလုပ်ဝန်တွေ မိသားစု ကိစ္စတွေနဲ့ ပူပင်သောက ကို ရင်ဆိုင်ဖြေရှင်းကြရသလို မတူညီတာတွေ သဘောမတူတာတွေကို ညှိနိုင်းနေထိုင်ကြရတယ်။ ဘာတွေဖြစ်နေနေ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဘယ်ဘဝရောက်ရောက် အရွယ်တွေဘယ်လိုပြောင်းလာလာ ဘာတွေပဲဆက်ရင်ဆိုင်ရ သူ့အချစ်နဲ့တင် နေရတာ တကယ်တန်နေပါပြီနော်’’လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: Zen Kyi
ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဟာ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာစပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ်အကြာမှာ အိမ်ထောင်တစ်ခု ထူထောင်ခဲ့ကြတာပါ။ အခုဆိုရင်တော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေး နိုဝါကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ခီမောင်နှံရဲ့ မိသားစုလေးကတော့ ပရိသတ်တိုင်း လေးစားအားကျရတဲ့ မိသားစု တစ်စုပါ။
Photo: Zen Kyi
ဇာဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံဟာ ‘’ဥပါယ်တံမျဉ်’’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ကနေတဆင့် မြန်မာနိုင်ငံက ပရိသတ်တွေရင်ထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ မလုပ်ခင်က New York မှာပဲပညာသင်ကြားရင်း နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမှာ ဇဏ်ခီကတော့ သီချင်းတွေ သီဆိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခရစ္စတီးနားခီကလည်း ဒါရိုက်တာ မဖြစ်ခင်က မြန်မာအကကို ကျွမ်းကျွမ်းကျင်ကျင် ကခဲ့သူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။