ညက ကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာတော့ ယူနိုက်တက်က ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ရာသီကုန်မှာ အသင်းကထွက်ခွာမယ့် မာတစ်နဲ့ မာတာတို့ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပါတယ်။ ဂိုးပေါက်ပျောက်နေတာကြာပြီဖြစ်တဲ့ ဖာနန်ဒက်စ်၊ သူ့ကြောင့်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့တဲ့ ရော်နယ်ဒို၊ ဗာရာနီရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။
ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်သွင်းနေချိန်မှာတော့ လူငယ်ကစားသမားလေး အီလန်ဂါဟာ အသင်းဖော်စီနီယာကစားသမားကြီး ကန်သွင်းမှုတောင် မလုပ်သေးခင် ဂိုးတိုင်ထောင့်ဘက်ပြေးကာ အောင်ပွဲခံဖို့အတွက် လှုပ်ရှားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒိုက ပင်နယ်တီကန်သွင်းဖို့အတွက် ပြေးသွားချိန်မှာ ဘောလုံးတောင်မထိသေးခင် အီလန်ဂါက အရင်ပြေးထွက်သွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ကန်သွင်းချက်ကလည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး အီလန်ဂါနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အီလန်ဂါရဲ့ လှုပ်ရှားမှုက တော်တော်လေးသိသာနေခဲ့ပြီး ဂိုးဝင်မယ်ဆိုတာကို သေချာပေါက်ယုံကြည်ထားတာကာ အောင်ပွဲခံဖို့ကိုကြိုတင်ပြင်ဆင်ခဲ့ပုံရပါတယ်။ ဒီနောက်မှာ သူကလည်း ရော်နယ်ဒိုရဲ့ SUll ပုံစံအတိုင်း လိုက်လံအောင်ပွဲခံသွားခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ လိဂ်ဂိုး ၁၈ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးရာသီက ဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၀၈-၀၉ ဘောလုံးရာသီမှာ သူက ယူနိုက်တက်အတွက် ၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ၁၂ နှစ်အကြာမှာတော့ အဆိုပါဂိုးသွင်းစံချိန်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။