tech trends in 2019

ပြီးခဲ့တဲ့ ၁၂ လလုံးလုံး နည်းပညာလုပ်ငန်းစုကြီးတွေအပေါ် လွှမ်းမိုးပုံဖော်ခဲ့တဲ့ ခေတ်ရေစီးကြောင်းကို ပိုင်းခြားပြီး ကြည့်မယ်ဆိုရင် အခုပြောမယ့် အချက်တွေ ထွက်လာတာ တွေ့ရမှာပါ။


(၁) 5G


Photo: Network World


၂၀၁၉ မှာ တကယ်လက်တွေ့ ဖြစ်ခဲ့တဲ့ အသိသာဆုံး နည်းပညာအရွေ့တစ်ခုက 5G ကွန်ရက်တွေ စီးပွားဖြစ် ဖြန့်ချိမိတ်ဆက်လာတာပါ။ 4G ထက် အဆပေါင်း ၁၀၀ အထိ ပိုမြန်ဆန်ပြီး လိုင်းဆွဲအား ကြန့်ကြာမှု မရှိသလောက် နည်းပါးတဲ့ 5G ဟာ လက်ရှိ ကွန်ရက်တွေထက် ထုတ်ကုန်တွေပိုပြီး အင်တာနက် ချိတ်ဆက်နိုင်မယ့် နည်းပညာ ဖြစ်သလို မောင်းသူမဲ့ကား ၊ အင်တာနက် ချိတ်ဆက်မှုသုံး ထုတ်ကုန်များ IoTs ၊ အဆင့်မြင့် တွက်ချက်မှုစနစ် ၊ အဝေးထိန်း ကျန်းမာရေးစောင့်ရှောက်မှု စသည်ဖြင့် နည်းပညာတစ်ဆင့် မြင့်လာခြင်းကို တွန်းပို့လာမယ့် အရွေ့တစ်ခုအဖြစ် မိတ်ဆက်ထားပါတယ်။

စမတ်ဖုန်း ထုတ်လုပ်သူတွေကလည်း 5G ဖုန်းတွေကို ထုတ်လာသလို တယ်လီကွန်းအော်ပရေတာတွေကလည်း 5G ကွန်ရက်တွေ တိုးချဲ့ တည်ဆောက်လာပါတယ်။ အမေရိကန် ၊ တောင်ကိုရီးယား ၊ တရုတ် ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာလည်း 5G ကွန်ရက်ကို စီးပွားဖြစ် ဖြန့်ချိနေပြီး တစ်ခြားနိုင်ငံတွေလည်း 5G ကွန်ရက်တည်ဆောက်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။


(၂) ခေါက်သိမ်းနိုင်စမတ်ဖုန်းများ


Photo: pandaily

5G ဖုန်းတွေလိုပဲ ဒီနှစ်ထဲမှာ Foldable ဖုန်းလို့ခေါ်တဲ့ display ခေါက်သိမ်းထားနိုင်တဲ့ ဖုန်းတွေပေါ်ထွက်လာခဲ့ပါတယ်။ Samsung ရဲ့ Galaxy Fold ၊ Huawei Mate X နဲ့ Motorola Razr တို့ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်ခဲ့တဲ့ Galaxy Fold ဟာ ဒေါ်လာ ၁၉၈၀ ကျသင့်ပြီး ဧပြီလထဲ ဈေးကွက်ဝင်ဖို့ ပြင်ခဲ့ပေမယ့် အစောပိုင်း review အလုံးတွေမှာ screen ပြဿနာ ရှိခဲ့တာကြောင့် စက်တင်ဘာရောက်မှ မိတ်ဆက်နိုင်ခဲ့ပါတယ်။

Huawei Mate X ကတော့ ကင်မရာသုံးလုံး ၊ screen ၃ ခု ပါရှိပြီး အောက်တိုဘာလအတွင်းက တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်လာပါတယ်။ Motorola Razr ဟာ ဒေါ်လာ ၁၅၀၀ တန်ဖုန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စတင်‌ pre-order မှာနိုင်မယ်လို့ ဆိုပါတယ်။


(၃) တရုတ် အမေရိကန်အကြားက Trade War


Photo: europost

၂၀၁၉ ခုနှစ်အတွင်းမှာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုကို အကြောင်းပြုပြီး နည်းပညာကုမ္ပဏီကြီးတွေ ဂယက်ရိုက်ကုန်ပါတယ်။ တရုတ်အစိုးရနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အစွပ်စွဲခံရတဲ့ Huawei ကတော့ ဒီဒဏ်ကို အခံရဆုံးပါပဲ။

အမေရိကန်အစိုးရရဲ့ Trade ban ကြောင့် အမေရိကန် နည်းပညာ supplier တွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အထွေထွေ ယာယီလိုင်စင် မရှိရင် Huawei ဆီ ရောင်းလို့ မရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းထွက် Huawei ပရီမီယံဖုန်းတွေ ဖြစ်တဲ့ Huawei Mate 30/Mate 30 Pro တို့မှာ Google apps နဲ့ services တွေ မပါတော့သလို ကုမ္ပဏီအနေနဲ့လည်း ကိုယ်ပိုင် OS သစ် တစ်မျိုး ထုတ်လုပ်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ ကနေဒါနိုင်ငံမှာ Huawei တည်ထောင်သူရဲ့ သမီးလည်း ဖြစ် ကုမ္ပဏီရဲ့ CFO လည်း ဖြစ်တဲ့ မန်ဝမ်ကျိုး အဖမ်းခံရမှု ၊ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအပေါ် ဥပဒေနဲ့ မညီဘူးဆိုပြီး Huawei ဘက်က တရားစွဲမှု ၊ ကနေဒါနိုင်ငံသား နှစ်ဦးကို လျှို့ဝှက်ဥပဒေချိုးဖောက်မှုနဲ့ တရုတ်မှာ ဖမ်းဆီးထိန်းသိမ်းထားမှုတွေကတော့ ၂၀၁၉ မှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးစစ်အကြောင်း ပြကွက်တစ်ချို့ပဲ ဖြစ်ပါတယ်။


(၄) ကွမ်တမ်ကွန်ပျူတာများ အပြိုင်အဆိုင် တီထွင်လာကြခြင်း


IBM's Q System One quantum computer (Photo: zdnet)

တွက်ချက်မှုနည်းပညာနယ်ပယ်ထဲမှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုကတော့ Quantum Computing စနစ်ပိုင်းကို နာမည်ကျော် ကွန်ပျူတာနည်းပညာကုမ္ပဏီများ အပြိုင်အဆိုင် ကြေညာမှုသစ်တွေ လုပ်ဆောင်လာတာပါ။ IBM ကုမ္ပဏီဟာ ဖေဖော်ဝါရီလထဲမှာ ကျင်းပတဲ့ CES နည်းပညာပြပွဲမှာ သိပ္ပံပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ကွမ်တမ်တွက်ချက်မှုအတွက် သုံးမယ့် IBM Q System One ဆိုတဲ့ Integrated System တစ်ခု မိတ်ဆက်ခဲ့သလို နယူးယော့ခ်ပြည်နယ်မှာ ကွမ်တမ်ကွန်ပျူတာ ၁၄ လုံး ထားရှိမယ့် ကွမ်တမ် တွက်ချက်မှု စင်တာသစ်တစ်ခုတည်ဆောက်ခဲ့ပါတယ်။

Google ကလည်း 53 qubits သုံး Sycamor လို့ခေါ်တဲ့ ကွမ်တမ်တွက်ချက်ရေး chips တစ်ခုကို မိတ်ဆက်ခဲ့ပြီး ဒီစက်ဟာ လက်ရှိအမြန်ဆုံး စူပါကွန်ပျူတာနဲ့ တွက်ချက်ရင် နှစ် ၁ သောင်းအထိ ကြာနိုင်တဲ့ ပုစ္ဆာကို စက္ကန့် ၂၀၀ တည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလထဲမှာပဲ Intel Lab ဟာ ကွမ်တမ်တွက်ချက်မှုစနစ် ဖွံ့ဖြိုးရေးအခန်းကဏ္ဍကို အရှိန်မြှင့်မယ့် cryogenic လို့ခေါ်တဲ့ control chip တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် chipmaker တစ်ခု ဖြစ်တဲ့ Intel နဲ့ နယ်သာလန်နိုင်ငံ Delft နည်းပညာတက္ကသိုလ် QuTech က ပညာရှင်တွေ ပူးပေါင်းတီထွင်ထားပြီး Horse Ridge လို့ ကုဒ်နာမည်ပေးထားတဲ့ cryogenic control chip ဟာ quantum bits (qubits) အမြောက်အများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ကွမ်တမ်ကွန်ပျူတာတွေမှာ အများဆုံး ကြုံရတဲ့ ဝိုင်ယာချိတ်ဆက်မှုပြဿနာကို ဖြေရှင်းနိုင်မယ်လို့ဆိုပါတယ်။

ဒီနှစ်ထဲမှာပဲ ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ချို့ဖြစ်တဲ့ Volkswagen နဲ့ D-Wave တို့ဟာ လစ္စဘွန်းက ပရောဂျက်တစ်ခုမှာ ဘတ်စ်လမ်းကြောင်းတွေ ပိုကောင်းစေဖို့ ကွမ်တမ်ကွန်ပျူတာ တွက်ချက်မှု သုံးလာကြပါတယ်။ ကွမ်တမ်ကွန်ပျူတာစနစ်ဟာ cloud တွက်ချက်မှုပိုင်း ဝန်ဆောင်ရေးတစ်ခုလို သုံးလာဖို့လည်း ရှိပါတယ်။


(၅) Cloud Computing


Photo: copleycg

၂၀၁၉ ကစတင်ပြီး multi-cloud တွက်ချက် သိုလှောင်မှုဟာ လက်တွေ့ပိုဆန်လာပါတယ်။ cloud ကုမ္ပဏီတွေဟာလည်း သူတို့ဖောက်သည်တွေရဲ့ အခြေခံအဆောက်အဦအားလုံးကို clouds ပေါ်မှာ အလုပ်လုပ်ဖို့ ပိုပြီး အာရုံစိုက်လာပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာပဲ Amazon Web Services ဟာ ARM architecture ပေါ် အခြေခံထားပြီး စွမ်းဆောင်ရည် ၄၀% ပိုကောင်းလာတဲ့ Graviton 2 processors ကို မိတ်ဆက်ခဲ့ပါတယ်။

Cloud computing စီးပွားရေးမှာ Microsoft Azure ဟာ ဒုတိယနေရာက ရှိပြီး Google ကလည်း Cloud အခြေပြု ဂိမ်းပလက်ဖောင်းသစ် ဖြစ်တဲ့ Stadia ကို ကြေညာထားပါတယ်။ တစ်ခြား cloud ကုမ္ပဏီတွေထဲမှာ နာမည်ကြီးတာကတော့ VMware ၊ IBM Cloud ၊Red Hat နဲ့ Salesforce တို့လည်း ပါဝင်သလို Huawei ကလည်း cloud ဝန်ဆောင်မှုကို ဈေးကွက်ချဲ့ထွင်နေပါတယ်။

Share

Loading Next Article...
က္က