၂၀၁၉ ခုနှစ်အတွင်းမှာ လူမှုကွန်ရက်ရဲ့ စေ့ဆော်မှုတွေက တစ်ဆင့် လူပြောများခဲ့ပြီး အာဏာပိုင်တွေရော အဖွဲ့အစည်းတွေကပါ ဝင်ရောက်ဖြေရှင်းခဲ့ရတဲ့ သတင်းအကြောင်းအရာ (၄) ခုကို Duwun က ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
၁။ အမှန်တရားပေါ်ပေါက်ဖို့ လမ်းစပျောက်နေတဲ့ ဗစ်တိုးရီးယားအမှု
နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် (၃) နှစ်အရွယ် မူကြိုကျောင်းသူလေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုက ယခုနှစ်အတွင်း လူမှုကွန်ရက် သုံးစွဲသူတွေကို ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။
ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထားတဲ့ ကလေးငယ်ဟာ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်က ကျောင်းကနေ ပြန်လာပြီးနောက် ဒဏ်ရာရနေတာကို မိခင်ကနေ သိရှိပြီးနောက် ဆေးရုံကို တင်ပို့ခဲ့ရာမှာ အဓမ္မပြုကျင့်ခံရမှုလို့ အတည်ပြုခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ကျုးလွန်သူကို မူကြိုကျောင်းက ကားဒရိုင်ဘာ အောင်ကြီး လို့ ယူဆပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မှာတော့ လူတွေ ထောင်ပေါင်းများစွာ စုရုံးပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ မိန်းကလေးငယ်တစ်ဦးရဲ့ အရိပ်ပုံစံပါရှိတဲ့ ပုံပေါ်မှာ Justice for Victoria ဆိုတဲ့ လို့ရေးသားထားတဲ့ ဓာတ်ပုံကို ဖေ့ဘုတ် ပရိုင်ဖိုင်အဖြစ် ပြောင်းလဲခဲ့ပြီး အမှုအတွက် တရားမျှတမှု ရှိအောင် တောင်းဆိုခဲ့ကြပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ကြီးတွေမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဆိုတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြမှု တွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။
တရားရုံးကနေ သံသယတရားခံအောင်ကြီးက ကျုးလွန်သူ မဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး တရားရှင်လွှတ်ပေးလိုက်ပြီးနောက် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရဲအရာရှိတွေက ဗစ်တိုးရီးယားရဲ့ နာမည်အမှန်ကို ထုတ်ပြောခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ်ပေ့ချ်စာမျက်နှာကတဆင့် အမှုအထောက်အထားတွေကို တင်ခဲ့ရာမှာ ဗစ်တိုးရီးယားရဲ့ မိဘအမည်၊ အလုပ်အကိုင်စတဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ တင်ခဲ့တာကြောင့် လူထုက ရဲတပ်ဖွဲ့ကို ဝေဖန်ရှုံချခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်နဲ့ မန္ဆလေးမြို့နေ ပြည်သူလူထုက ကျင့်ဝတ်နဲ့ ဥပဒေကို ချိုးဖောက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးရေး၊ ဗစ်တိုးရီးယားရဲ့ အမှုမှန်ပေါ်ပေါက်ရေးတို့ကို တောင်းဆိုဆန္ဒပြပွဲတွေထပ်ပြီး လုပ်လာကြပါတယ်။
သံသယတရားခံအောင်ကြီးကို လွတ်ပေးလိုက်ပြီးတဲ့နောက် ဗစ်တိုးရီးယားရဲ့ အမှုကတရားရုံးမှာ ဆက်စစ်စရာမလိုတော့ဘဲ အောင်ကြီးကို လွှတ်ပေးလိုက်တဲ့အပေါ် မကျေနပ်ပါက တိုင်းတရားရုံးကို ရက်ပေါင်း ၆၀ အတွင်း ဆက်လက်တင်ပြနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အဲဒီကော်မတိအနေနဲ့
အမှုမှန်ပေါ်ပေါက်ရေးကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်သလို ကျင့်ဝတ်ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိတွေကို တရားစွဲသွားမျာ ဖြစ်တယ်လို့ သိရပါတယ်။
၂။ လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုမရှိတဲ့ ဖျာပုံက ကျားဖောင်လုပ်ငန်း
၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်းက ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား မောင်မြတ်သူရထွန်းတစ်ယောက် ရန်ကုန်မြို့လည်ခေါင်မှာ လူပွဲစားတွေကတဆင့် ရောင်းစားခံခဲ့ရပြီး မိသားစုတွေရဲ့ အကူအညီကြောင့် ပြန်လည်ကယ်တင်ခဲ့ရတဲ့ ဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ်အတွင်း လူမှုကွန်ရက်ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။
ဖောင်ဦးစီးတွေရဲ့ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ဒဏ်ရာတွေ ရရှိခဲ့တဲ့ မောင်မြတ်သူရထွန်းရဲ့ ဓာတ်ပုံ ၊ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံလာခဲ့ပြီးတဲ့နောက် သုံးစွဲသူတွေက ဒီကျားဖောင်လုပ်ငန်းကို ရပ်ပစ်ဖို့ အထိ တောင်းဆိုလာကြတာမျိုးတွေလည်း ရှိပါတယ်။
မောင်မြတ်သူရထွန်းရဲ့ ဖြစ်စဉ်နောက်ဆက်တွဲအနေနဲ့ ကျားဖောင်လုပ်ငန်းပေါ်မှာ ညှင်းပန်းနှိပ်စက်ခံနေရသူတွေကို ပြန်လည်ကယ်ထုတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။
ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတဲ့ ကျားဖောင်လုပ်ငန်းတွေကို အာဏာပိုင်တွေက သွားရောက်စစ်ဆေးတာတွေလည်း လုပ်ခဲ့ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကိုပါ နည်းလမ်းတစ်ရပ်အနေနဲ့စဉ်းစားလာကြပါပြီ။
အခုတော့ မောင်မြတ်သူရထွန်းအပါအဝင်ရေလုပ်သားတွေကို ရောင်းစားပြီး ညှင်းပန်းနှီပ်စက်ခဲ့မှုမှာပါဝင်တဲ့သူတွေကို လူကုန်ကူးမှုဥပဒေနဲ့ အရေးယူထားဆဲဖြစ်ပါတယ်။
ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေစနစ်တကျဖြစ်အောင် ပင်လယ်ငါးဖမ်းဥပဒေကို ပြန်လည်ရေးဆွဲဖို့ ပြင်ဆင်နေပြီး အခုတော့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတော့မှာပါ။
၃။ မြန်မာနိုင်ငံမှာ LGBTအခွင့်အရေးဆုံးရှုံးနေတာကို မီးမောင်းထိုးပြခဲ့တဲ့ MIU စာကြည့်တိုက်မှူးသေဆုံးမှု
ပြီးခဲ့တဲ့ ဇွန်လအတွင်းက Myanmar Imperial University က စာကြည့်တိုက်မှုးမောင်ကျော်ဇင်ဝင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်ကလည်း လူမှုကွန်ရက်သုံးစွဲသူတွေ အကြား တော်တော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတစ်ခုပါ။
လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ Viber Grup chat ထဲမှာ ဂေးတစ်ယောက်ဖြစ်ကြောင်း လှောင်ပြောင်ပြောဆိုခံရခဲ့ပြီးတဲ့နောက် ကျော်ဇင်ဝင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိဖြစ်ခဲ့ရတာပါ။
ဒီဖြစ်စဉ်ဟာ LGBT တွေအကြား လူမှုကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်ထောက်ပြစရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ဒီလိုပြောဆိုတဲ့ ဝန်ထမ်းတွေကို အလုပ်ကနေ ထုတ်ပယ်ပေးဖို့၊ ထိရောက်တဲ့ အရေးယူမှုပေးဖို့ စတဲ့ ထင်မြင်ချက်တွေကို ရေးသားခဲ့ကြပါတယ်။
ဒါ့အပြင် LGBT အရေးလှုပ်ရှားသူတွေက မောင်ကျော်ဇင်ဝင်းသေဆုံးခဲ့ရမှုမှာ တရားမျှတမှုရှိဖို့ လုပ်ငန်းခွင်အတွင်း LGBT တွေကို ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့ စတဲ့ တောင်းဆိုမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။
Myanmar Imperial University ကတော့ ကျော်ဇင်ဝင်းကို ပြောဆိုခဲ့တဲ့ ဝန်ထမ်း (၃) ဦးကို အလုပ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဒါက သူ့သဘောနဲ့သူ အဆိပ်သောက်ပြီး သေတာဖြစ်တဲ့အတွက်ကြောင့် အပြင်လူပရောဂ မပါတဲ့အတွက် ဘယ်သူ့ကိုမှ အရေးယူသွားဖို့ မရှိဘူးလို့ ပြောထားသလို လူ့အခွင့်အရေးကော်မရှင် က ကျော်ဇင်ဝင်းဟာ ခွဲခြားဆက်ဆံခံရလို့ အဆုံးစီရင်သွားတာမဟုတ်ဘဲ အလုပ်တာဝန်မကျေပွန်လို့ အထက်လူကြီးဆူတာကို စိတ်အားငယ်ပြီး အခုလို အဆုံးစီရင်သွားတာလို့ သုံးသပ်ပြောဆိုထားပါတယ်။
ဒီလို ပြောဆိုမှုတွေကလည်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းမှာ LGBT တွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေရှိနေတာကို သိသာထင်ရှားစေခဲ့ပါတယ်။
ဒီလို မောင်ကျော်ဇင်ဝင်းဖြစ်စဉ်နောက်ဆက်တွဲမှာ ဓိတ်ဓာတ်ကျသူတွေအတွက် ဝက်ဘ်ဆိုဒ်တွေ၊ ဖေ့ဘုတ်ပေ့ချ်တွေနဲ့ ဖုန်းအက်ပလီကေးရှင်းတွေ ကတစ်ဆင့် ရင်ဖွင့်ပြောဆိုလို့ရတဲ့ Counseling ကုထုံးတွေ ကို ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတွေက ပြုလုပ်လာကြပါတယ်။
၄။ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့်အချိန်မီမကယ်နိုင်ဘဲ သေဆုံးခဲ့ရတဲ့ မစိမ့်ထက်
Photo - Thiri Linn
ဖန်ဂရန်ရာဇီတောင်တက်ခရီးစဉ်မှာ ပြုတ်ကျသေဆုံးခဲ့ရတဲ့ မစိမ့်ထက် ဖြစ်စဉ်ကလည်း ၂၀၁၉ ခုနှစ်အတွင်း လူမှုကွန်ရက်ပေါ်မှာ လူသိများခဲ့တဲ့ အမှုဖြစ်စဉ်တစ်ခုပါ။
ဧပြီလအတွင်းက The Summiter တောင်တက်အဖွဲ့နဲ့ အတူ လိုက်ပါသွားခဲ့တဲ့ မစိမ့်ထက်တစ်ယောက် ဖန်ဂရန်ရာဇီတောင်ထိပ်ကို ရောက်အပြီး ပြန်အဆင်းမှာ ချောက်ထဲ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။
The summiter တောင်တက်အဖွဲ့ကတော့ မစိမ့်ထက်ဟာ မတော်တဆခြေချော်ပြီး ချောက်ထဲကို ပြုတ်ကျသွားခဲ့ပြီး ရှာဖွေလို့ မရနိုင်တာတာကြောင့် ပြန်လာခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
လူမှုကွန်ရက်သုံးစွဲသူတွေအကြား မစိမ့်ထက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် ဒီအမှုဟာ တရားမျှတမှုမရှိနိုင်ကြောင်း၊ တောင်တက်ခေါင်းဆောင်မှာ တာဝန်ရှိကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။
ဒါ့အပြင် Justice For Saint Htet ဆိုတဲ့ Facebook Page တစ်ခုတည်ထောင်ပြီး မစိမ့်ထက်သေဆုံးခဲ့မှု ဖြစ်စဉ် နောက်ဆက်တွဲကိစ္စတွေကို ဆက်တိုက် ဖော်ပြမှုတွေ လုပ်လာကြပါတယ်။
မိသားစုဝင်တွေကတော့ မစိမ့်ထက်ရဲ့ အလောင်းကို ပြန်ရှာတွေ့သူကို ငွေ သိန်း ငါးဆယ်ပေးမယ်လို့ ကြေညာခဲ့ပြီးနောက်မှာတော့ တောင်တက်ကျွမ်းကျင်သူတွေက မေလ (၂၄) ရက်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
လက်ရှိတော့ မစိမ့်ထက်ပြုတ်ကျသေဆုံးမှုမှာ တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦး ဇော်ဇင်ခိုင်နဲ့ အောင်ခင်မြင့်တို့နှစ်ဦးကို ပူတာအိုရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားရင်ဆိုင်နေဆဲဖြစ်ပါ၊။