၅၈ ကြိမ်မြောက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခြင်းအတွက် Facebook မှာ တာဝန်ရှိတယ်လို့ ကုမ္ပဏီရဲ့ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။
ကြော်ငြာကဏ္ဍကျွမ်းကျင်သူလည်း ဖြစ် Facebook ရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ အန်ဒရူး ဘော့ဇ်ဘော့စ်ဝေါ့ရဲ့ ဝန်ထမ်းတွေဆီ ပေးတဲ့ ဒီဇင်ဘာလက ရုံးတွင်းပေးစာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ New York Times သတင်းကနေ ထုတ်ပြန်တဲ့ ဒီစာထဲမှာ " မြင်ဖူးသမျှ ကြော်ငြာသမားတိုင်းထက် ဒီဂျစ်တယ်ကြော်ငြာကမ်ပိန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်သူ" လို့ ဘော့စ်ဝေါ့ဟာ သမ္မတထရမ့်နဲ့ ထရမ့်ရဲ့ ၂၀၁၆ ကမ်ပိန်း ဒီဂျစ်တယ်ဒါရိုက်တာ ဘရက်ပါစကယ်တို့ အဖွဲ့ကို ချီးကျူးထားပါတယ်။
Photo: DailyMail
"ထရမ့်တို့က မယုံနိုင်စရာတွေ လုပ်သွားခဲ့တယ်။ သူ့အဖွဲ့ဟာ သတင်းမှားတွေ ဖြန့်တာ မဟုတ်ဘူး။ မဲဆန္ဒရှင်တစ်ဦးချင်းအလိုက် ပစ်မှတ်ထားပြီး ကြော်ငြာတာမျိုးလည်း မဟုတ်ဘူး ။ သူတို့က ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ tools တွေကို အသုံးချပြီး လူတစ်ယောက်ချင်းစီအတွက် မှန်ကန်တဲ့ ဖန်တီးမှုတွေ လုပ်ပြသွားတာ"လို့ ဘော့စ်ဝေါ့က ရေးပါတယ်။
၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားတွေရဲ့ ကြားဝင်စွက်ဖက်မှုကိုလည်း ဘော့စ်ဝေါ့က ဝန်ခံထားပေမယ့် ကြော်ငြာကနေ သွားတာမျိုး မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ "Facebook မှာ ကြော်ငြာ ဒေါ်လာ ၁ သိန်းဖိုး ဝယ်တယ်ဆိုတာ တကယ်ကို စွမ်းအားကြီးတဲ့ လက်နက်တစ်ခုပါ။ ဒါပေမယ့် အမေရိကန်ရွေးကောက်ပွဲကိုတော့ ဝယ်လို့ မရပါဘူး" လို့ ဘော့စ်ဝေါ့က ပြောပါတယ်။
ဘော့စ်ဝေါ့ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို ထောက်ခံခဲ့သူတစ်ဦးလည်း ဖြစ်ပြီး ဒုတိယသက်တမ်းမှာ သမ္မတထရမ့် ပြန်လည်ရွေးကောက်ခံမှာကို မမြင်ချင်ဘူးလို့ စာထဲမှာ ဖော်ပြထားပါတယ်။ ဘော့စ်ဝေါ့ရဲ့ ၂၀၂၀ အတွက် အတွေးများ ခေါင်းစဉ်နဲ့ Facebook ပေါ် ပြန် share တဲ့ ရုံးတွင်းပေးစာထဲမှာ Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်များ အလွဲသုံးစားလုပ်သွားတဲ့ Cambridge Analytica ဖြစ်ရပ်ပါ ထည့်သွင်း သုံးသပ်ခဲ့ပါတယ်။
Photo: Axios
စိတ်ဝင်စားဖို့ကောင်းတာက လစ်ဘရယ်တစ်ဦးဖြစ်တဲ့ ဘော့စ်ဝေါ့ရဲ့ဟာ Facebook ကြော်ငြာဩဇာနဲ့ ထရမ့်ကို တားဆီးဖို့ စဉ်းစားခဲ့ချိန်မှာ The Lord of The Rings ဇာတ်လမ်းတစ်ခု တွေးမိတာကြောင့် မလုပ်ဖြစ်တာကို ပြောထားတာပါ။ "ဖရိုဒိုက လက်စွပ်ကို ဂါလာဒရေးကို ပေးတော့ အစပိုင်းမှာ သူမဟာ ဒီစွမ်းအင်ကို မှန်မှန်ကန်ကန်အသုံးပြုမယ်လို့ စိတ်ကူးခဲ့တာပါပဲ။ ဒါပေမယ့် ဒါကပဲ သူမကို နောက်ဆုံးမှာ ဖျက်ဆီးခဲ့တယ်ဆိုတာ သိသွားတယ်"
ဘော့စ်ဝေါ့ဟာ Facebook ရဲ့ ကြော်ငြာနဲ့ စီးပွားရေးပလက်ဖောင်းကို ၅ နှစ်ကြာ ကိုင်တွယ်ခဲ့သူပါ။ ကြော်ငြာကဏ္ဍကို သူဦးဆောင်နေချိန်မှာ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ဩဂုတ်လမှာတော့ ကြော်ငြာနဲ့ စီးပွားရေးပိုင်းကနေ Consumer Hardware ဘက် ပြောင်းခဲ့ပါတယ်။