Samsung ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ 5G ဖုန်းတွေ ဖြစ်တဲ့ Galaxy S10 5G ၊ Galaxy Note 10 Plus 5G ၊ Galaxy A90 5G နဲ့ Galaxy Fold 5G မော်ဒယ်တွေ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
၂၀၁၉ မှာ ထူးခြားတာတစ်ခုက 5G ကွန်ရက်ကို နိုင်ငံတစ်ချို့မှာ စတင် အသုံးပြုလာတာ ဖြစ်ပြီး ဖုန်းကုမ္ပဏီတွေကလည်း 5G ဖုန်းတွေ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ Samsung ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ဖုန်းထုတ်လုပ်တဲ့ OEM တစ်ခု ဖြစ်ပြီး တစ်နှစ်အတွင်းမှာကို 5G ဖုန်းမော်ဒယ် ၄ မျိုးအထိ ထုတ်ခဲ့ပါတယ်။
Photo: GRC Hub
5G ဖုန်းတွေရဲ့ ရောင်းအားနဲ့ ပတ်သက်ပြီး Samsung ရဲ့ မျှော်လင့်ချက်က ၂၀၁၉ နှစ်ကုန်မှာ အလုံးရေ ၄ သန်းလောက်ပဲ ရောင်းချနိုင်ဖို့ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ကုမ္ပဏီဘက်က ကြေညာခဲ့ပါတယ်။ Samsung ရဲ့ ပထမဆုံး 5G ဖုန်းဟာ ၂၀၁၉ မေလထဲမှာ ဈေးကွက်ဝင်ခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းအထိ အလုံးရေ ၂ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။
နှစ်ကုန်ပြီးနောက် ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်အတွင်း 5G စမတ်ဖုန်းပေါင်း ၆.၇ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ သိပ်မဖွံ့ဖြိုးသေးတဲ့ 5G ဖုန်းဈေးကွက်အတွက် ဒီပမာဏဟာ ကမ္ဘာ့ 5G ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ ၅၃.၉ % လည်း ဖြစ်တယ်လို့ The Verge က ဖော်ပြထားပါတယ်။
Photo: PC Mag
Samsung ဟာ ကမ္ဘာ့ပထမဆုံး 5G ကွန်ရက်ရတဲ့ တက်ဘလက်ဖြစ်တဲ့ Galaxy Tab S6 5G ကိုလည်း မိတ်ဆက်ထားပြီး ၂၀၂၀ ပထမ သုံးလပတ်အတွင်း ဈေးကွက်မှာ ရောင်းချသွားမှာပါ။ ဒီနှစ်ဟာ 5G ထုတ်ကုန်ဈေးကွက်အတွက် စိတ်ဝင်စားစရာ နှစ်တစ်နှစ်ဖြစ်လာဖို့ ရှိပြီး Samsung ကလည်း ၂၀၂၀ ထုတ် Galaxy S11 နဲ့ Note 11 ဖုန်းတိုင်းမှာ 5G support ပေးသွားဖို့ ရှိပါတယ်။
ကမ္ဘာကျော် စမတ်ဖုန်း chip maker ကုမ္ပဏီဖြစ်တဲ့ Qualcomm ကလည်း Snapdragon 865 processor မှာဆိုရင်လည်း 5G ကွန်ရက် ပံ့ပိုးမှု ပါလာမှာ ဖြစ်လို့ ဒီ processor ကို သုံးတဲ့ Android flagship ဖုန်းတိုင်းဟာ 5G ရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်တဲ့ Apple ကတော့ 5G iPhone တွေကို လာမယ့်နှစ်မှ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။