ယခင်က လျှပ်စစ်ဓာတ်အားမရရှိသေးတဲ့ဒေသတွေကို လျှပ်စစ်ဓာတ်အားရအောင် ဦးစားပေးဆောင်ရွက်နေကာ (၃) နှစ်ခွဲအတွင်း ကရင်ပြည်နယ်မြဝတီမြို့၊ ရခိုင်ပြည်နယ် မောင်တောမြို့တို့မှာ ဓာတ်အားပေးနိုင်နေပြီလို့ နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။
Photo- YESC ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ဓါတ်အားခွဲရုံသစ်
၂၀၁၉ ခုနှစ်ဒီဇင်ဘာမှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ (၅၀) ရာခိုင်နှုန်းရရှိနေပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာတော့ (၁၀၀) ရာခိုင်နှုန်းရရှိအောင်လုပ်မယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ (၁၃) ရက်က တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု (၅၀ %) ပြည့်မြောက်တဲ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတက တက်ရောက်အမှာစကားပြောကြားရာမှာ အခုလို ပြောခဲ့တာပါ။
၂၀၁၆ ခုနှစ် မတ်လမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ (၃၄%) အတွက်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာကနေ အခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာတော့ တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲသူ (၅၀) ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် (၁၅%) ကနေ (၁၉%) အထိ တိုးတက်သုံးစွဲနေတာကြောင့် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်အောင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလ ကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၃) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၆) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၁) ရုံ၊ စုစုပေါင်း (၁၀) ရုံမှာ လျှပ်စစ်ဓာတ်အား (၉၀၄) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုင်းစုစုပေါင်း ၁၉၆၀၀ မိုင်ကျော်နဲ့ ၁၂၆၃၆ အမ်ဗွီအေရှိတဲ့ ဓာတ်အားခွဲရုံတွေကို တိုးချဲ့တည်ဆောက်ပေးထားပြီးလို့လည်း သိရပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံဒေသကိုလည်း ၂၀၂၀ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားရအောင်ဆောင်ရွက်နေသလို တနင်္သာရီတိုင်း ထားဝယ်ဒေသကို ဓာတ်အားပေးနိုင်အောင် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီ ဆောက်လုပ်နေပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမယ်လို့ဆိုပါတယ်။
အခုအခါ ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းနဲ့ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းတို့ကနေ 1717 Hot Line ဖုန်းနဲ့ 1616 Hot Line ဖုန်းတို့နဲ့ (၂၄) နာရီ ဖြေကြားပေးနိုင်ပြီလို့လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။
နိုင်ငံတော်သမ္မတက လျှပ်စစ်ကဏ္ဍတိုးတက်မယ်ဆိုရင် ပညာရေး၊ကျန်းမာရေးနဲ့ စီးပွားရေးတို့ ဖွံဖြိုးလာမှာ ဖြစ်တာကြောင့် လျှပ်စစ်ကဏ္ဍကို ဆက်လက်ကြိုးပမ်းစေလိုတယ်လို့ တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
Share