အမေရိကန်မှာ မုတ်ဆိတ်ဖြူနဲ့ အမျိုးသားကြီးတစ်ဦးက ခရစ္စမတ်မတိုင်မီ ဘဏ်တစ်ခုကို ဝင်ရောက်လုယက်ပြီးနောက် ငွေများကို လမ်းပေါ်သို့ကြဲချကာ ဖြတ်သွားဖြတ်သွားတွေကို ခရစ္စမတ်ဆုတောင်းပေးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
(လုယက်မှုဖြစ်ခဲ့သည့် Academy ဘဏ်) (Photo: Daily Mail)
ကော်လိုရာဒိုပြည်နယ် ကော်လိုရာဒိုစပရင်းစ်မြို့ရှိ Academy ဘဏ်ကို လူဖြူအမျိုးသားကြီးတစ်ဦးက ဒေသစံတော်ချိန် တနင်္လာနေ့ (ဒီဇင်ဘာ ၂၃ ရက်) နေလယ်ပိုင်းမှာ ဝင်ရောက်လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကလည်း အတည်ပြုပါတယ်။ ထိုအမျိုးသားကြီး အမျိုးအမည်မသိ လက်နက်တစ်ခုဖြင့် ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ဘဏ်ကိုဝင်လုယက်ပြီး ငွေတွေကို လမ်းပေါ်မှာကြဲချခဲ့တဲ့ အမျိုးသားကြီးဟာ အသက် ၆၅ နှစ်အရွယ် ဒေးဗစ်ဝိန်းအိုလီဗာဆိုသူဖြစ်ကြောင်း နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
(ဒေးဗစ်ဝိန်အိုလီဗာ) (Photo: Colorado Springs Police)
၎င်းကို ဘဏ်အနီးရှိ Starbucks ကော်ဖီဆိုင်မှာ ဖမ်းဆီးခဲ့ကြောင်း ကော်လိုရာဒိုရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဖမ်းဆီးခဲ့ချိန်က အိုလီဗာထံမှာ လက်နက်တစ်စုံတစ်ခု မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ "သူက ဘဏ်ထဲဝင်ပြီး ငွေတွေလုခဲ့တယ်၊ နောက်တော့ လုယူသွားတဲ့ ပိုက်ဆံတွေကို ကြဲချလိုက်ပြီး ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေလို့ ပြောခဲ့တယ်" လို့ ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ Dion Pascale က ဒေသခံ KKTV 11 ရုပ်မြင်သံကြားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ၎င်းဟာ ယခုအမှုကို တစ်ဦးတည်း လုပ်ဆောင်ခဲ့တာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။