ဘာစီလိုနာနည်းပြ ဇာဗီကတော့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီရာသီမှာ ဆုဖလား (၃) လုံးကို ဆွတ်ခူးဖို့ ထိုက်တန်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိနေပါပြီ။
ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိနေပြီး ဗိုလ်လုပွဲကို တက်ရောက်ဖို့ မျှော်လင့်ချက် အားကောင်းလျက်ရှိပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲမတိုင်ခင် ဇာဗီရဲ့ ဒီပြောစကားက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကိုပါ ထိပါးခဲ့တဲ့ စကားတစ်ခွန်းလို့ ဆိုရမှာပါ။
ဇာဗီက “မန်စီးတီးက ဒီရာသီမှာ ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်စွမ်းရှိပါတယ်။ သူတို့က ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ သူတို့မှာ အကောင်းဆုံး နည်းပြတစ်ယောက်ရှိနေပြီး သူတို့ရဲ့ ကစားဟန်က ကျွန်တော်တို့အတွက် မှန်တစ်ချပ်လိုပါပဲ။ သူတို့သာ ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ရင် တကယ်ကို မျှတတဲ့ ဆုဖလား (၃) လုံး အောင်မြင်မှုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအတွက် လက်ရှိအချိန်မှာ အဓိကစိန်ခေါ်မှုက သူတို့ အဓိကရည်မှန်းနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ရီးရဲလ်မက်ဒရစ်ဖြစ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီးကို နောက်ကျသွင်းဂိုးတွေနဲ့ ပြိုင်ပွဲကနေ ဖြုတ်ချခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။
ဘာစီလိုနာနည်းပြ ဇာဗီအနေနဲ့ အခုလိုမျိုး ပြောကြားလိုက်တာက မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချနိုင်မယ်ဆိုတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးဖို့ အခြေအနေကောင်းနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်သာ ချန်ပီယံလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ရင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် ပိုမိုကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်။