အမှတ်ပေးဖလားတောင်မှ မသေချာတော့ပါဘူး။

နာဂယ်စမန်းကို ထုတ်ပယ်ပြီး သောမတ်စ်တူချယ်လ်ကို ခန့်အပ်ခဲ့တဲ့နောက်မှာ ဘိုင်ယန်မြူးနစ်တို့ တော်တော်လေးအခက်ကြုံနေရပါပြီ။ ညကပွဲမှာလည်း မိန့်ဇ်ကို ၃-၁ နဲ့ အရေးနိမ့်သွားခဲ့လို့ အမှတ်ပေးဇယားမှာ ဒေါ့မွန်က တမှတ်အသာနဲ့ ဦးဆောင်သွားပြီး လက်ကျန် ၅ ပွဲသာ လိုတော့လို့ ဘိုင်ယန်တို့ အမှတ်ပေးဖလားကိုပါ ရယူနိုင်ဖို့ မသေမချာဖြစ်လာခဲ့ပါပြီ။ 

တူချယ်လ်ကို စပြီးတော့ ခန့်အပ်ချိန်မှာ အသင်းက ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေတုန်းပါ။ အခု တူချယ်လ်ကိုင်တွယ်ပြီး ၇ ပွဲသာရှိသေးပေမယ့် ဖလားနှစ်လုံး လက်လွှတ်လိုက်ရပြီး နောက်ဆုံးကျန်နေတဲ့ အမှတ်ပေးဖလားလည်း မသေချာတော့ပါဘူး။ နှစ်ပေါင်းများစွာကြာအပြီးမှာ ဘိုင်ယန်တို့ ဖလားလက်မဲ့ဘောလုံးရာသီနဲ့ ရင်ဆိုင်ရဖို့တောင် ရှိလာခဲ့ပါပြီ။ 

ဘိုင်ယန်က ပုံမှန်ဆိုရင် ပြည်တွင်းမှာ အမှတ်ပေးဖလားကို သပိတ်ဝင်အိတ်ဝင်သိမ်းပိုက်နေကျပါ။ ရာသီနောက်ဆုံးအပိုင်းအခြားကာလကို ရောက်တော့မှ နာဂယ်စမန်းကို ထုတ်ပယ်လိုက်တာလည်း တကယ် အံ့အားသင့်ရပါတယ်။ အသင်းတွင်းမှာ ကစားသမားတွေနဲ့ အဆင်မပြေတာ၊ လူငယ်မို့လို့ အပြောအဆိုပိုင်း ပွင့်လင်းတာတွေကို ခဏလေးသည်းခံပြီး ရာသီကုန်ထိ ဆက်ထားခဲ့မယ်ဆိုရင်တောင် အခုလို​မျိုး ဖြစ်ချင်မှဖြစ်မှာပါ။ 

ဖြစ်ချင်တော့ ဒေါ့မွန်ကလည်း ၂၀၂၃ ထဲမှာမှ ခြေစွမ်းက တော်တော်လေးကောင်းလာခဲ့ပြီး တိုက်စစ်ကလည်း တပွဲကို အနည်းဆုံး ၂ဂိုးလောက်ရလာခဲ့ပြီး အမှတ်ပေးဖလားကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကတော့ နည်းပြအပြောင်းအလဲတွေလုပ်တယ်၊ အသင်းတွင်းမှာ ကစားသမားအချင်းချင်း ထိုးကြိတ်တဲ့အထိဖြစ်ပြီး ဒါတွေက အသင်းရလဒ်တွေကိုပါ ထိခိုက်လာနေပြီဖြစ်ပါတယ်။ 

တူချယ်လ်အဖြစ်ကလည်း သူ့ကိုအားလုံးက အကြီးအကျယ်မျှော်လင့်ထားချိန်မှာမှ ထဖောက်ပြနေသလိုပါပဲ။ ပထမဆုံးပွဲဖြစ်တဲ့ ဒေါ့မွန်နဲ့ပွဲကို အနိုင်ရခဲ့ပြီး အဲဒီနောက်မှာ ရလဒ်တွေက မကောင်းတော့ပါဘူး။ ၇ ပွဲမှာ ရှုံးပွဲ ၃ ပွဲတွေ့ခဲ့ပြီး အဲဒါက နာဂယ်စမန်းကြုံတွေ့ခဲ့တဲ့ ရှုံးပွဲအရေအတွက်နဲ့ အတူတူပဲဖြစ်နေလို့ မျက်နှာပျက်စရာဖြစ်နေရပါတယ်။

Share

Loading Next Article...
က္က