အာဆင်နယ်ပရိသတ်တွေအတွက် အကောင်းဆုံးပွဲတစ်ပွဲကို ခံစားခွင့်ရရှိခဲ့တာပါ။
ကစားပြီးသမျှထဲ အာဆင်နယ်အတွက် ဒီရာသီအကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ စပါးကိုယ်တိုင်က ဘယ်လိုကစားရမလဲ မသိတော့ချိန်မှာ အာဆင်နယ်က ယုံကြည်မှုအပြည့်နဲ့ ပြိုင်ဘက်ကို တရစပ်ထိုးနှက်နိုင်ခဲ့တာကြောင့် စောစောစီးစီးအနိုင်သေချာခဲ့တာပါ။

ဒီပွဲမှာ နှစ်သင်းလုံးက အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့ပါတယ်။ အာဆင်နယ်က ၄-၂-၃-၁ ပုံစံခင်းကျင်းလာခဲ့ပြီး ဂိုးသမားနေရာမှာ ရမ်စ်ဒေးလ်၊ နောက်တန်းမှာ တိုမီယာဆု၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ကွင်းလယ်မှာ ပါတေး၊ ချာကာ၊ ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုဝီ နဲ့ အထောင်တိုက်စစ်မှူးနေရာမှာ အူဘာမီးယန်းတို့ ပွဲထွက်လာခဲ့ပါတယ်။


၄-၃-၃ ပုံစံနဲ့ပွဲထွက်လာခဲ့တဲ့ စပါးကလည်း ဂိုးသမားနေရာမှာ လိုရစ်၊ နောက်တန်းမှာ တန်ဂန်ဂါ၊ ဒေဗာဆင်ဆန်းချက်ဇ်၊ ဒိုင်ယာ၊ ရီဂွယ်လွန်၊ ကွင်းလယ်မှာ ဟို့ချ်ဘာချ်၊ အန်ဒွန်ဘီလီ၊ အလီ၊ တိုက်စစ်သုံးယောက်တန်းမှာတော့ လူးကပ်စ်မော်ရာ၊ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ ပါဝင်ခဲ့တာပါ။

ရာသီအဖွင့် (၃) ပွဲဆက်ရှုံးထားတဲ့ အာဆင်နယ်က နော့ဝစ်ချ်၊ ဘန်လေတို့ကို ပြန်နိုင်လာတဲ့အရှိန်ကို ဒီပွဲမှာဆက်ထိန်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ကို မြန်မြန်ဆန်ဆန်ဖွင့်ကစားဖို့ ပြင်ဆင်ခဲ့ပြီး အာဆင်နယ်ကလည်း ဆာကာ၊ ရိုဝီ၊ အိုဒီဂတ်၊ အူဘာမီးယန်းတို့ရဲ့ ရုန်းအားကို အဓိက အားကိုးခဲ့ပါတယ်။


ဒီပွဲမှာ ဆွန်ဟောင်မင်က အာဆင်နယ်ညာခြမ်းခံစစ်က တိုမီယာဆုကို ကျော်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး တိုမီယာဆုကိုလည်း ပါတေးက ကူထောက်ပေးခဲ့တာကြောင့် ဆွန်ဟောင်မင် ကစားရခက်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ်တို့ ဦးဆောင်ဂိုးစောစောစီးစီးရရှိခဲ့တာက စပါးကို အဓိကဒုက္ခရောက်စေခဲ့ပြီး ပွဲကစားချိန် (၁၁) မိနစ်မှာ ဆာကာ ဂိုးဧရိယာထဲချပေးလိုက်တဲ့ဘောလုံးကို ရိုဝီကပြေးဝင်ပိတ်သွင်းခဲ့တာပါ။



ဒီဂိုးက လွယ်ကူလွန်းတယ်လို့ဆိုနိုင်ပြီး Dangerous Zone ထဲရောက်နေတဲ့ ဒေဗာဆင်ဆန်းချက်ဇ်၊ အလီတို့ Positioning Awareness ပိုင်းမှာ သိသိသာသာအားနည်းခဲ့တာကြောင့် ရိုဝီ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း အာဆင်နယ်တို့ ဆက်တိုက်ဆိုသလို ထိုးဖောက်မှုတွေလုပ်ခဲ့ပေမယ့် ပါတေး၊ အူဘာမီးယန်းတို့ရဲ့ ဂိုးဧရိယာအပြင်ကကန်ချက်တွေ ဂိုးမဖြစ်ခဲ့တာကြောင့် နစ်နာခဲ့ပါတယ်။


နောက်ပိုင်းမှာ စပါးက သိသိသာသာ တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပေမယ့် အရမ်းကြီးအန္တရာယ်ရှိတာမျိုးတွေတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ အာဆင်နယ်ရဲ့ Defense To Attack Transition တွေက တော်တော်လေး အသက်ဝင်ခဲ့သလို ထိရောက်မှုလည်းရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပါးကွင်းလယ်နဲ့ခံစစ်ကြား နေရာလွတ်တွေရှိနေတာ၊ နေရာယူပုံတွေ အားနည်းခဲ့တာကလည်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားလွန်းခဲ့ပါတယ်။

တိုမီယာဆုရှိနေတဲ့ အာဆင်နယ်ကွင်း ညာဘက်ခြမ်းမှာ အာဆင်နယ်တို့ ဘောလုံးဆုံးရှုံးမှုတွေရှိခဲ့တယ်၊ ဒီဆုံးရှုံးမှုတွေက အန္တရာယ်များတဲ့နေရာတွေမှာ မဟုတ်သည့်တိုင် အသုံးချတတ်တဲ့အသင်းဆိုရင် အာဆင်နယ်ခံစစ်ကို ကောင်းကောင်းကြီးထိုးနှက်နိုင်ပေမယ့် စပါးရဲ့အားနည်းချက်တွေကြောင့် ဒါတွေကလက်တွေ့မဖြစ်ခဲ့ပါဘူး။


ဒုတိယဂိုးကိုတော့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကနေပဲ အူဘာမီးယန်းက သူကိုယ်တိုင် ဘောလုံးလမ်းကြောင်းဖွင့်၊ ရိုဝီချပေးလိုက်တဲ့ ဘောလုံးကို သူကိုယ်တိုင်ပဲ အဆုံးသတ်ကန်သွင်းသွားခဲ့ပါတယ်။ အွန်နရီလာကြည့်ခဲ့တဲ့ဒီပွဲမှာ အူဘာမီးယန်းကလည်း ဂိုးသွင်းအပြီး တစ်ချိန်က အွန်နရီ စပါးဘက်ကို ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံအတိုင်း အောင်ပွဲခံပြသွားခဲ့တာလည်း အာဆင်နယ်ပရိသတ်တွေအတွက် ကျေနပ်စရာပါ။
ပွဲကစားချိန် (၃၄) မိနစ်မှာ အာဆင်နယ်တို့အတွက် တတိယဂိုးကို ဆာကာကသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာ ဆာကာရဲ့တိုးအား၊ ရုန်းအားကို ချီးကျူးရမှာဖြစ်ပြီး ဟာရီကိန်းပါခံစစ်အထိ ဆင်းလာခဲ့ပေမယ့် ဆာကာကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒီနောက်ပိုင်းကတော့ အာဆင်နယ်အတွက် ဘာဖိအားမှမရှိတော့ဘဲ သက်သောင့်သက်သာကစားနိုင်ခဲ့ပြီး စပါးကတော့ ဂိုးရနိုင်တဲ့ ရတောင့်ရခဲအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။

ဆွန်ဟောင်မင်က (၇၈) မိနစ်မှာ စပါးအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့် စပါးအတွက် အရာရာနောက်ကျသွားခဲ့ပါပြီ။ နူနိုဆန်တိုက ပြီးခဲ့တဲ့သြဂုတ်ရဲ့ အကောင်းဆုံးနည်းပြဆုကိုရခဲ့တယ်ဆိုပေမယ့် Consistency တစ်ခုကို ပြသနိုင်ခြင်းမရှိသေးဘဲ လိုအပ်ချက်တွေများနေတုန်းလို့ဆိုရမှာပါ။ လာမယ်လာတို့လို ဘာ့ချ်ဝင်းတို့လို ကစားသမားတွ‌ေမရှိပေမယ့် လက်ရှိတိုက်စစ်စုဖွဲ့မှုက ဒီလိုပွဲမျိုးမှာ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။

တစ်ဖက်မှာလည်း အာဆင်နယ်နည်းပြ အာတီတာရဲ့ ဒီပွဲအတွက် ကြိုတင်ပြင်ဆင်လာမှုက အရမ်းကိုအားရစရာကောင်းခဲ့ပြီး ဒီပွဲအပေါ် ဘယ်လိုမျိုးသဘောထားလဲ၊ ဘယ်လောက်အထိ စိတ်နှစ်ထားလဲဆိုတာ ပွဲချိန်အတွင်း သူ့ရဲ့ Expression တွေကိုကြည့်ရင် တော်တော်လေးသိသာပါတယ်။ သတိထားရမှာတစ်ခုက အာဆင်နယ်အနေနဲ့ ရာသီတိုင်းမှာ ဒီလိုပွဲမျိုးကိုမြင်တွေ့နေကျဖြစ်ပေမယ့် ဒီပွဲကရလာမယ့် စိတ်ဓာတ်ခွန်အား၊ ပြင်ဆင်မှုအစရှိတာတွေကို နောက်ပွဲတွေမှာပါ ယူဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ 

Share

Loading Next Article...
က္က