မန်စီးတီးတို့ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာပါ။

မန်စီးတီးကတော့ အိမ်ကွင်းမှာ သက်သောင့်သက်သာနဲ့ပဲ တန်းတက်ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ ဂရီလစ်ရှ်နေရာမှာ မာရက်ဇ် ပါလာတာကလွဲရင် ကျန်တဲ့ဆယ်ယောက်လုံး အပြောင်းအလဲမရှိခဲ့ဘဲ ပွဲထွက်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ မန်စီးတီးကို အစစအရာရာ မယှဥ်နိုင်ခဲ့ပါဘူး။



ပွဲစပွဲဆုံး မန်စီးတီးကပဲ စိတ်ကြိုက်ဖိကစားသွားခဲ့ပြီး ဒီဘရိုင်းကတော့ တဂိုးသွင်း၊ တဂိုးဖန်တီးနဲ့ အကောင်းဆုံး ခြေစွမ်းပြသွားခဲ့ပါတယ်။ မန်စီးတီးအတွက် အဖွင့်ဂိုးကိုတော့ ဟာလန်းရဲ့ ဖန်တီးပေးမှုကနေ ဂွန်ဒိုဂန်က လွတ်လွတ်ကျွတ်ကျွတ်ပဲ ကန်သွင်းယူသွားခဲ့ပါတယ်။ ဟာလန်းကတော့ ဒီပွဲမှာဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ကျေနပ်စရာတော့ဖြစ်ခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ ဒီဘရိုင်းက လှလှပပပဲ သွင်းယူခဲ့ပါတယ်။ အားလုံးက ဟာလန်းကို ဒီဘရိုင်းဖန်တီးပေးမယ်လို့ ထင်ခဲ့ကြပေမယ့် ဒီဘရိုင်းက လှလှပပပဲ ယိမ်းနွဲ့ပြီး မထင်မှတ်ထားတဲ့ အနေအထားကနေ လှပတဲ့ကန်ချက်နဲ့ သွင်းယူပေးသွားခဲ့တာပါ။ ဖိုဒန်ရဲ့ သွင်းဂိုးကိုလည်း ဒီဘရိုင်းကပဲ အကွက်မြင်မြင်နဲ့ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ကလည်း ဘုန်းမောက်နောက်ခံလူတွေကြားထဲကနေ ချိန်သားကိုက်ပြေးထွက်ခဲ့သလို ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကလည်း တိကျသပ်ရပ်ခဲ့ပါတယ်။ ဒီဂိုးမှာ ဘုန်းမောက်ဂိုးသမား ထရာဗာစ်ရဲ့ အားနည်းချက်လည်းရှိခဲ့ပြီး လမ်းကြောင်းပြောင်းသွားတာကြောင့်လည်း သူ့အတွက် ဒုက္ခရောက်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ နောက်ထပ်ဂိုးတွေရဖို့ ဆက်တိုက်ဖိကစားခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းမောက်နောက်ခံလူ လာမာရဲ့ ကိုယ့်ဂိုးသွင်းတဲ့ဂိုးတဂိုးသာ ထပ်မံရရှိခဲ့ပြီး ပွဲအပြီးမှာ မန်စီးတီးတို့ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး ဒီနှစ်ပွဲလုံးမှာလည်း ပေးဂိုးမရှိခဲ့တာက ကျေနပ်စရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် ဒီဘရိုင်း၊ ဟာလန်း၊ ဖိုဒန်တို့ကြားထဲမှာ ကောင်းမွန်တဲ့အတွဲအဖက်ကို အချိန်တိုတိုနဲ့ တည်ဆောက်နိုင်ခဲ့တာက ဂွါဒီယိုလာအတွက်လည်း ဒီရာသီမှာ ရတက်တခု အေးစရာဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က