" သူဆုံးတာ (၁၁) ရက်မြောက်နေ့မှာပဲ အစ်မ ဒီကားကို မောင်းဖြစ်တယ်။"

အငှားယာဉ်မောင်းတဲ့အလုပ်ကို လုပ်ရလိမ့်မယ်လို့ မစိမ်းလဲ့ဝါတစ်ယောက် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ သမီးလေးနှစ်ယောက်ရဲ့မိခင်၊ အိမ်ထောင်ရှင်မအဖြစ်နဲ့ ဘဝကို အပူအပင်မရှိ ဖြတ်သန်းခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီးတဲ့နောက် သူ့ဘဝရဲ့ အလှည့်အပြောင်းတွေ စတင်လာပါတော့တယ်။

“ ကျွန်မရဲ့ ယောကျာ်း ရုတ်တရက်နှလုံးရောဂါဖြင့် ကွယ်လွန်သွားပါသောကြောင့် ကျွန်မရဲ့ သမီးလေးတွေအတွက် ကျွန်မ ကားမောင်းမလို့ပါ။ ကျွန်မကို လမ်းမှာတွေ့ရင် ကူညီကြပါနော်” ဆိုတဲ့ ပိုစ့်ကို လှုမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပြီး မစိမ်းလဲ့ဝါဟာ ခင်ပွန်းသည်ရဲ့ တက္ကစီယာဥ်မောင်းအလုပ်ကို ကိုယ်တိုင်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။  

တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးကြောင့် အေးချမ်းပျော်ရွှင်ခဲ့ရတဲ့ မိသားစုလေး 

အရင်ကတော့ အမျိုးသားဖြစ်သူကပဲ အငှားယာဉ်မောင်းတဲ့အလုပ်နဲ့ မိသားစုကို ရှာဖွေကျွေးမွေးခဲ့ပြီး ဆယ်ကျော်သက်အရွယ် သမီးလေးနှစ်ယောက်နဲ့အတူတူ ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ အသက်အရွယ် ကွာဟလွန်းတာကြောင့်လည်း မစိမ်းလဲ့ဝါတစ်ယောက် သူ့ဘဝတစ်လျှောက်လုံး ခင်ပွန်းဖြစ်သူကိုပဲ ပုံအပ်အားကိုးပြီး နေလာခဲ့သူပါ။

“ အစ်မက သူနဲ့ အသက်က (၉) နှစ်လောက်ကွာတော့ အမြဲတမ်း သူ့အပေါ် ဆိုးခဲ့မိတယ်။ ကားမောင်းတာ သင်ပေးတော့လည်း သူရှိနေရဲ့သားနဲ့ အစ်မက ဘာလို့ကားမောင်းရမှာလဲပေါ့။ ကိုကြီးက ညီမလေးကို ကားမောင်းခိုင်းစားချင်တာလားဆိုပြီး သူ့ကို ပြောခဲ့မိတယ်။ သူမရှိတော့ဘူးလို့ အစ်မဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး” လို့ မစိမ်းလဲ့ဝါက ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ အသက်ရှိစဉ်အခါတုန်းက ရိုက်ကူးထားတဲ့မစိမ်းလဲ့ဝါတို့ ရဲ့ မိသားစုဓာတ်ပုံ။

ရွှေတောင်ကြီးပြိုတဲ့နေ့

မစိမ်းလဲ့ဝါရဲ့ ခင်ပွန်းဖြစ်သူက ရင်ကြပ်ရောဂါအခံရှိသူပါ။ ကိုဗစ်မတိုင်ခင်တုန်းက ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုယူခဲ့ပြီးနောက် ရံဖန်ရံခါ ချောင်းဆိုးတာ ရှိပေမယ့် သူ့ရောဂါအခြေအနေက တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ အဲဒီနေ့ကလည်း မစိမ်းလဲ့ဝါတို့ ဇနီးမောင်နှံနှစ်ယောက် အိပ်ရာထဲမှာ ထွေရာလေးပါးစကားပြောကြရင်း ခင်ပွန်းဖြစ်သူမှာ ရုတ်တရက် ရင်ကြပ်လာတာကြောင့် ဆေးရုံကို အမြန်ဆုံးပို့ခဲ့ပေမယ့် အသက်မမှီခဲ့ပါဘူး။

“ သူနဲ့အစ်မနဲ့ နှစ်စက္ကန့်လောက်အတွင်း ကမ္ဘာခြားသွားသလို ခံစားရတယ်။ စစချင်းကတော့ ဘာတွေ လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ သူ့ကိုပဲအမြဲ မှီခိုပြီးနေနေခဲ့တဲ့သူဆိုတော့ စဖြစ်တဲ့နေ့က ယုံလည်းမယုံနိုင်ဘူး။ လက်လည်းမခံနိုင်ခဲ့ဘူး။ ’’ လို့ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံကိုကြည့်ပြီး ငိုရင်းပြောပါတယ်။

သွားလေသူက ကြိုတင်ပြင်ဆင်ခဲ့လေသလား

သွားလေသူ ခင်ပွန်းဖြစ်သူက မစိမ်းလဲ့ဝါတို့သားအမိတွေကို လက်လွတ်စပယ် ပစ်မထားခဲ့ပါဘူး။ အသက်ရှင်စဉ်အခါတည်းက မစိမ်းလဲ့ဝါကို ကားမောင်းတတ်အောင်၊ လမ်းတွေကျွမ်းကျင်အောင် သင်ပေးခဲ့တာတွေက ခင်ပွန်းဖြစ်သူဟာ မိသားစုအတွက် ကြိုတင်အစီအစဉ်တွေများ ချထားခဲ့သလားလို့တောင် ထင်ရတယ်လို့ မစိမ်းလဲ့ဝါက ဆိုပါတယ်။ ကားလမ်းကြောင်းတွေသိအောင်၊ ဘယ်ခရီးဆို ဘယ်လိုဈေးနှုန်း ယူရမလဲလို့ ခန့်မှန်းတတ်အောင် ခင်ပွန်းဖြစ်သူက သူကားမောင်းသွားတိုင်း မစိမ်းလဲ့ဝါကို ခေါ်ခေါ်သွားတတ်ပါတယ်။

“ အစ်မကိုစပြီး ကားမောင်းသင်ပေးတုန်းက ယောကျာ်း အသည်းအသန်ဖြစ်ရင် မိန်းမကိုယ်တိုင်ပို့ပေးနိုင်အောင် သင်ထားပေါ့တဲ့ ။ နောက်ပြီး ယောက်ကျားမရှိတော့ရင် မင်းတို့ ဘယ်လိုလုပ်မှာလဲတဲ့။ အဲဒါနဲ့ သူကျေနပ်အောင် အစ်မက သင်လိုက်တယ်။ ဒီလိုလုပ်စားဖို့လောက်အထိရည်ရွယ်ချက်မရှိခဲ့ဘူးပေါ့နော်။ ”

မစိမ်းလဲ့ဝါနှင့် ဆယ်ကျော်သက်အရွယ် သမီးလေးနှစ်ဦး။

သမီးလေးနှစ်ယောက်အတွက် လောကဓံကို တစ်ဦးတည်းရင်ဆိုင်ရချိန်

ခင်ပွန်းဖြစ်သူ မရှိတော့တဲ့နောက်ပိုင်း အိမ်စရိတ်နဲ့ သမီးလေးနှစ်ယောက်ရှေ့ရေးအတွက် မစိမ်းလဲ့ဝါတစ်ယောက် ငုတ်တုတ်ထိုင် ပူဆွေးနေလို့မရတော့ပါဘူး။ ဝမ်းရေးပြဿနာကို ဖြေရှင်းဖို့အတွက် သူတတ်ထားတဲ့ကားမောင်းပညာနဲ့ အငှားယာဉ်မောင်းဖို့ ဖြစ်လာပါတော့တယ်။  

“ သူဆုံးတာ (၁၁) ရက်မြောက်နေ့မှာပဲ အစ်မ ဒီကားကို မောင်းဖြစ်တယ်။ တချို့ကတော အမျိုးသမီး မောင်းတဲ့ကားဆိုတော့ မစီးချင်ကြဘူး။ အမျိုးသားမောင်းတုန်းက အော်ဒါအရမ်းများတယ်။ အခု သူမရှိတော့ ဖောက်သည်တွေလည်း တအားနည်းသွားပြီ။ ” 

အမျိုးသမီးယာဉ်မောင်းတစ်ယောက်ဖြစ်တဲ့အတွက် တစ်နေ့ကို (၂)သောင်းခွဲလောက်ပဲ ပုံမှန်ရပြီး အုံနာကြေးနဲ့ နေ့စဉ်စားစရိတ်ကိုပဲ မနည်းကာမိအောင် ကြိုးစားနေရတဲ့ အခြေအနေပါ။ ခင်ပွန်းဖြစ်သူကို လွမ်းတဲ့စိတ်၊ တစ်ဖက်ကလည်း စားဝတ်နေရေးပြဿနာကို အလျင်မီအောင် ဖြေရှင်းနေရတဲ့ သောကတွေအကြား မစိမ်းလဲ့ဝါတစ်ယောက် အားတင်းနေခဲ့ရပါတယ်။

“ လူတွေရှေ့မှာ စိတ်တွေမပြိုလဲအောင် ဟန်ဆောင်နေပေမယ့် တစ်ခါတစ်လေ ကားမောင်းနေရင်း အရမ်းဝမ်းနည်းလာရင် လမ်းမှာ ကားရပ်ပြီး ငိုလိုက်တယ်။ အစ်မ ဘယ်သူ့အကူအညီမှ မယူချင်ဘူး။ အစ်မကိုမျက်ရည်ချုတယ်၊ သနားစရာ ကောင်းတယ်လို့ အဲလိုပုံစံမျိုးတွေ အစ်မ အဖြစ်မခံချင်ဘူး။ အစ်မခွန်အားနဲ့ သမီးလေးတွေကို ရှာကျွေးချင်တယ်။” 

ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒအရ ကိုယ်ပိုင်ကားလေးရဖို့ ကြိုးစားနေသူ

အသက်ရှင်စဉ်အခါတုန်းက ကိုယ်ပိုင်ကားလေးတစ်စီးလောက်ပိုင်ချင်တယ်ဆိုပြီး တဖွဖွပြောနေခဲ့တဲ့ ခင်ပွန်းသည်ရဲ့ ဆန္ဒကို မစိမ်းလဲ့ဝါတစ်ယောက် ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်။ 

“ ဒီကားကို ဆက်မောင်းမယ်။ ရတဲ့ပိုက်ဆံကိုကြိုးစားစုမယ်။ သူဖြစ်စေချင်တဲ့ ကားလေးတစ်စီးလောက် အနိမ့်တန်းကပဲဖြစ်ဖြစ် ဝယ်နိုင်ဖို့ ရည်ရွယ်ထားတယ်။ ”

“ သမီးအကြီးလေးကိုတော့ ဆယ်တန်းအောင်တဲ့အထိကြိုးစားခိုင်းမယ်။ ပြီးရင် အဝေးသင်တက်၊ အလုပ်လေးလုပ်ပြီး သူ့တစ်ယောက်တော့ အားထားရဖို့ မျှော်လင့်တယ်” 

Share

Loading Next Article...
က္က