အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပါဆီပိုလစ်နဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရရှိမယ့် ပင်နယ်တီတစ်လုံးကို သူကိုယ်တိုင် ငြင်းဆန်သွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါပွဲစဉ်က ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန် (၁၇) မိနစ်ကတည်းက အယ်လ်နာဆာတို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး ဂိုးရရှိဖို့အတွက်လည်း ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန်အတွင်းမှာလည်း အယ်လ်နာဆာတို့ ပင်နယ်တီတစ်လုံးရရှိခဲ့သေးပေမယ့် ဒီပင်နယ်တီကိုတော့ ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။
အငြင်းပွားဖွယ် အနေအထားမျိုးမှာရရှိခဲ့တဲ့ ဒီပင်နယ်တီကို ပြိုင်ဘက် ပါဆီပိုလစ် ကစားသမားတွေ အပြင်းအထန် စောဒကတက်ခဲ့ကြသလို ရော်နယ်ဒိုကိုယ်တိုင်ကလည်း ဒါက ပင်နယ်တီပေးရမယ့် ဖြစ်ရပ်မျိုး မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ အယ်လ်နာဆာ အသင်းခေါင်းဆောင်ကြီးဟာ ပြိုင်ဘက်ကစားသမားတွေနည်းတူ ဒိုင်လူကြီးကို ဆန့်ကျင်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဒီပင်နယ်တီက လက်တွေ့ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘဲ ရော်နယ်ဒိုရဲ့လုပ်ရပ်ကလည်း ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးဟာ ပင်နယ်တီနဲ့ ပတ်သက်လာရင် နာမည်ကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အသင်းအတွက် အနိုင်ဂိုး ရသင့်တဲ့အချိန်မှာတောင် ရော်နယ်ဒိုက ပင်နယ်တီကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်က လေးစားရမယ့်ကိစ္စတစ်ရပ်ဖြစ်သလို ရော်နယ်ဒိုနဲ့ ပတ်သက်လို့လည်း စဉ်းစားရခက်တဲ့ ကိစ္စတစ်ခုလို့ ဆိုရမှာပါ။