အတူတူပြန်ဆုံရတော့မှာပါ။

မိုးအောင်ရင်က မိသားစုကို လွမ်းပေမယ့် အလုပ်တွေကို အဓိကထားပြီး ပိုကြိုးစားနေတယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း မိသားစု အတူတူပြန်ဆုံရတော့မယ်လို့ ပြောပါတယ်။

Photo: Moe Aung Yin



သရုပ်ဆောင် မိုးအောင်ရင်ကတော့ အမေရိကမှာနေထိုင်တဲ့ မိသားစုကို အလွမ်းကြီး လွမ်းလို့နေပါတယ်။ ဒါပေမယ့်လည်း လွမ်းတဲ့စိတ်ကို မေ့ထားပြီး အလုပ်တွေကို ကြိုးစားနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခု ကျွန်တော် လွမ်းတဲ့ စိတ်ကို ခဏထားထားတယ်။ ကျွန်တော် လုပ်စရာရှိတာကို ကျွန်တော် ဆက်လုပ်မှ ရတယ်။ ဥပမာအားဖြင့် ဇာတ်ကားရိုက်တာတို့ပေါ့။ ဇာတ်ကားရိုက်တာ ရှိမနေရင်လည်း ကျွန်တော် ပုံမှန်လုပ်နေကြ လက်ဝှေ့ထိုးမယ်၊ ကြက်တောင်ရိုက်မယ်၊ ပြီးတော့ ကျွန်တော် လုပ်စရာရှိတဲ့ လူမှုရေးကိစ္စတွေလည်း ကျွန်တော် လုပ်နေမယ်၊ သွားနေမယ်၊ မိသားစုကို လွမ်းတဲ့ စိတ်နဲ့ ပြန်လဲသွားမှာလည်းစိုးတော့ အမှားတစ်ခုမဟုတ်တစ်ခု လုပ်မိသွားမှာလည်းစိုးတော့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ဟာ မိသားစုနဲ့ အတူခွဲပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။ မိသားစုကို ချစ်တဲ့ သူဖြစ်တာကြောင့်လည်း အတူတူနေချင်တဲ့ စိတ်ဆန္ဒကို ဖွင့်ပြောပြလာပါတယ်။

‘’ အဖေ နဲ့ အမေကတော့ သွားလိုက် ပြန်လိုက်ပဲ လုပ်နေရမှာပေါ့နော်။ ကျွန်တော် ထောင်ထဲမှာနေတုန်းကလည်း အဖေတို့က ၃ လလောက်လာလိုက်၊ ၃ လလောက်ပြန်လိုက်ပဲပေါ့။ အခုလည်း အဲဒီလိုပါပဲ။ အဓိက ကတော့ ညီမလေးပဲ သူက အမေရိက ကနေပြန်လာဖို့ မလွယ်ဘူး။ ဒီဇင်ဘာတော့ သူပြန်လာမယ်လို့တော့ ပြောတယ်။ အဲဒီအခါကျရင်တော့ မိသားစု အကုန်ပြန်ရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်က ဖခင်ဖြစ်သူ ဦးအောင်ရင်နဲ့ အတူ စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာ ပရိသတ်တွေနဲ့လည်း တွေ့ဆုံချင်သေးတယ်လို့ ဆိုပါတယ်။

‘’နောက်လဆိုရင်တော့ အဖေတို့က ဒီကိုပြန်လာဖို့ရှိတယ်။ အဲဒီတော့ အဖေက စင်ကာပူကိုသွားပြီးတော့ သီချင်းဆိုမှာ။ အဲဒီကို ကျွန်တော်လည်း လိုက်သွားမှာ။’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညက ‘’အမျှ… အမျှ..’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က