တင်ဇာမော်ဟာ ပြည်ပမှာနေထိုင်တဲ့ သူမရဲ့ ခင်ပွန်းနဲ့ ကလေးတွေကို လွမ်းတဲ့အကြောင်းတွေ ဖွင့်ဟ ပြောပြလာပါတယ်။ ဒီခံစားချက်ကြောင့်ပဲ မေမေ့ကို ကိုယ်ချင်းစာတတ်ပြီလို့ ဆိုပါတယ်။
Photo: Tin Zar Maw
တင်ဇာမော်ကတော့ သူချစ်ရတဲ့ မိသားစုတွေနဲ့ ဝေးပြီး အနုပညာအလုပ်တွေ လုပ်နေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အားတဲ့အချိန်တိုင်း အဆက်အသွယ်လုပ်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ကလေးတွေနဲ့ကတော့ နေ့တိုင်းအလိုလို သူတို့ဘက်က အားတာနဲ့ ဖုန်းဆက်တယ်။ အစ်မဘက်ကလည်း ဖုန်းဆက်ဖို့ အချိန်မရအောင်ကို သူတို့ဘက်က ဖုန်းဆက်တယ်။ အဲဒီတော့ သူတို့ဘက်က ဆက်တိုင်း ဆက်တိုင်း အစ်မ နဲ့တော့ တွေ့ဖြစ်နေတာပေါ့။ ကလေးတွေ အဖေကလည်း ဖုန်းဆက်တယ်။ သားလေးကလည်း အစ်မနဲ့ Messenger မှာ စကားပြောတယ်။ သမီးလေးကတော့ ငယ်လည်း ငယ်သေးတော့ သူ့အဖေ ဖုန်းဆက်တိုင်း အနားမှာ အမြဲတမ်းရှိတယ်” လို့ သူကဆိုပါတယ်။
Photo: Tin Zar Maw
တင်ဇာမော်ကတော့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်ပြုပြီးတဲ့ နောက်မှာတော့ ခင်ပွန်းဖြစ်သူနေထိုင်တဲ့ အင်္ဂလန်ကို လိုက်သွားခဲ့တာပါ။ အခုချိန်မှာတော့ သူမရဲ့ ကလေးတွေနဲ့ ဝေးနေရချိန်မှာ ခံစားရတဲ့ ခံစားချက်ကြောင့် မိခင်ဖြစ်သူကို ကိုယ်ချင်းစာတတ်သွားပြီလို့ ဆိုပါတယ်။
“ မေမေ့ကို သနားမိတယ်။ သူက အစ်မဒီမှာနေတယ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုပဲရှိတယ်။ တစ်နေ့ကို သူ အစ်မနဲ့ စကားပြောဖို့ တော်တော်အချိန်ရှာရတယ်။ စကားပြောနိုင်ရင်တောင် အစ်မနဲ့ အမေနဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ အလွန်ဆုံး ပြောဖြစ်တယ်။ ပြီးရင် အစ်မက ပျောက်သွားရော၊ တစ်နေကုန် အလုပ်ထွက်လုပ်ရတယ်လေ။ ပြန်လာရင် အမေက အိပ်နေပြီ၊ မအိပ်ရင်တောင်မှ အစ်မက စကားမပြောနိုင်တော့ဘူး အရမ်းပင်ပန်းနေပြီ။ အိပ်ရာနိုးတဲ့အချိန်လေးပဲ သူနဲ့ ခဏလေး တွေ့ခွင့်ရတာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က Party with Tin Zar Maw တေးစီးရီးမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Tin Zar Maw
အခုလက်ရှိမှာတော့ အဆိုတော် တင်ဇာမော်ဟာ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် မိခင်ကိုတောင် အချိန် သိပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။
“ မေမေကတော့ ငါ့သမီးကအလုပ်လုပ်နေပေမယ့်လည်း ငါနဲ့အတူ ဒီအိမ်မှာ နေ နေပါလား၊ ဒီတိုင်းပြည်မှာနေနေ ပါလားဆိုပြီးတော့ တွေးရင်းနဲ့ အားရှိမှာ။ မေမေ့ကိုလည်း ကိုယ်ချင်းနိုင်စာတယ်၊ မေမေ့ကိုလည်း သနားတယ်။ မိသားစုကိုလည်း သနားတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ မသနားတော့ပါဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်ရမယ်၊ ကောင်းတာတွေလည်းယူပါ၊ ဆိုးတာတွေလည်းယူပါ၊ လုပ်စရာရှိတာတွေလည်း လုပ်ပါ။ ဒီလမ်းကိုပဲ ဆက်လျှောက်ပါဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အားပေးနေရတယ်” လို့ ဆိုပါတယ်။
Photo: Dior
အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။
Share