တောနေ၊ တောစား၊ ရွာနေ၊ ရွာစား ဆိုတော့လည်း ...။

အမေ ဒေါ်နန်းခမ်းဝါကိုတော့ ဇာတ်ကားတွေထဲမှာ သိပ်မတွေ့ရတော့သလို အလုပ်တွေလည်း ပါးနေပြီလို့ သိရပါတယ်။ လက်ရှိ မိသားစု ရပ်တည်မှု အခြေအနေတွေကို ရင်ဖွင့်ပြောပြလာပါတယ်။

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့ ဒေါ်နန်းခမ်းဝါကတော့ လက်ရှိမှာ မုဆိုးမဖြစ်နေတဲ့ ချွေးမဖြစ်သူ၊ မြေးဖြစ်သူတွေနဲ့ သန်လျင်မှာ နေထိုင်တာဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအခက်အခဲ ရှိတယ်လို့ လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ အမေတို့ တခြားအလုပ်ကလေးတွေကနေ ရထားတဲ့ဟာလေးတွေကျတော့ ခြိုးခြိုးခြံခြံ ထားမိတဲ့ဟာလေးက ၂ လစာ၊ ၃ လစာလောက် သုံးလို့အဆင်ပြေတာလေးလည်းရှိမယ်ပေါ့နော်။ ပြီးတော့ ရွာနေ ရွာစား၊ တောနေ တောစား၊ ရပ်ကွက်နေ ရပ်ကွက်စားအနေနဲ့ကတော့ လှည့်ရင်းပတ်ရင်း နဲ့ သုံးတာလေးတွေလည်းရှိတာပေါ့။ အဲဒီလိုလေးနဲ့ ဒီလအထိကိုရောက်လာတယ်’’ လို့ သူကဆိုပါတယ်။

အခုဆိုရင်တော့ သူ့ရဲ့ မိသားစု စားဝတ်နေရေးအတွက် သရုပ်ဆောင်ခိုင်နှင်းဝေက အိမ်ဆိုင်လေးတစ်ခု ဖွင့်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒီဆိုင်လေးက ရတဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးဖူလုံအောင် ကြိုးစားနေထိုင်သွားမယ်လို့လည်း သူကပြောပါတယ်။

‘’ ဆန်ဖိုးရရ ဆီဖိုးရရ တစ်နေ့တာအတွက်ကတော့ အမေတို့ ဖူလုံပါတယ်။ များများရရင်တော့ ဆီပြန်ဟင်းစားရသလို အဆင်ပြေရင်တော့ ချည်ရည်ဟင်းလေးကို မျှမျှတတ စားလို့ရတာပေါ့နော်။ ပေးထားတဲ့ ဟာလေးတွေနဲ့ ပိုက်ဆံထပ်စုမယ်။ ပြီးတော့ ဖျော်စက်လေးဖြစ်ဖြစ်၊ ကြံရည်စက်လေးဖြစ်ဖြစ် ဖြည့်ဝယ်သွားမှာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၃ ရက်နေ့က ခိုင်နှင်းဝေရဲ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အမေဒေါ်နန်းခမ်းဝါရဲ့ ဘဝရပ်တည်မှုကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဇာတ်ကားရိုက်တာ အရမ်းနည်းသွားတာကြောင့်လည်း အခက်အခဲတွေ များခဲ့တယ်လို့ ဆိုပါတယ်။

‘’အမေက ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်တွေလည်း ကျဲတယ်။ အမေတို့ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောက က သိတဲ့အတိုင်းပဲ အဆင်မပြေကြဘူး။ သမီးလေးကလည်း အမေ့ရဲ့ အင်တာဗျူးကိုကြည့်လိုက်တော့ စိတ်မကောင်းဘူးတဲ့။ အမေ မုဆိုးမ တစ်လလောက်ဖြစ်နေတာရယ်၊ မြေးလေးတွေကို လုပ်ကျွေးနေရတာရယ်၊ ချွေးမလေးကလည်း မုဆိုးမ ဖြစ်နေတာရယ်ဆိုတော့ အမေ ဘာလုပ်ချင်လဲ မေးတယ်။ အမေလုပ်ချင်တာကို သမီးဖြည့်ဆည်းပေးချင်တယ် ဆိုတာနဲ့ အခုလို လုပ်ပေးတာပါ။ သမီးလေးရဲ့ မေတ္တာစေတနာကို အမေက အလေးထားသောအားဖြင့် ဆိုင်နာမည်လေးကို သမီးလေးရဲ့ မေတ္တာရိပ် ဆိုပြီးတော့ နာမည်ပေးလိုက်ပါမယ်။’’ လို့ သူကဆိုပါတယ်။

ဒေါ်နန်းခမ်းဝါ ကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတိုတွေကနေတဆင့် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် မင်းသားမင်းသမီးတွေ အိမ်က အိမ်ဖော်ကာရိုက်တာ၊ အဒေါ်ကာရိုက်တာ၊ အတင်းတုပ် စပ်စု တတ်သူ ကာရိုက်တာ တွေဟာ ပရိသတ်ကို သတိထားမိစေခဲ့သူဖြစ်ပါတယ်။

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က