လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ထားကိစ္စနဲ့ ပတ်သက်ပြီး  သူ့အနေနဲ့ မိသားစုဝင်ဖြစ်နေတာကြောင့် ဆုံးဖြတ်ရခက်ခဲနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo-KNGY (ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်မှုကို ဆန္ဒပြပွဲပြုလုပ်ခဲ့စဉ်။)



ဇန်နဝါရီလ ၁၅ ရက်က လွိုင်ကော်မြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီပြည်လူငယ်အင်အားစု တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပြေလည်မှုရရှိအောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ကရင်နီလူငယ်အဖွဲ့တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင်မှာ ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံက သူ့မိသားစုဝင်နဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်လို့ ဆုံးဖြတ်ရခက်နေတယ်လို့ ပြောပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်နေတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမူဘောင်တွေကို စဉ်းစားပြီး စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းတစ်ခုဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။” လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်နီပြည်လူငယ်အင်အားစုမှ ခွန်းသောမတ်စ်က Duwun ကိုပြောပါတယ်။

ကရင်နီလူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာကို ဖြေရှင်းလိုပြီး အစိုးရတာဝန်ရှိသူတွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို စောင့်ဆိုင်းသွားမယ်လို့လည်း ဆိုပါတယ်။

“ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာက ဖြေကို ဖြေရှင်းရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့မှတ်ယူထားတယ်။ ကျွန်တော်တို့ လွိုင်ကော်နဲ့ ဗိုလ်ချုပ်ဆိုတာမဆိုင်ဘူး။ကယားပြည်နယ်ဆိုတာသီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်တစ်ခု။ ကျွန်တော်တို့ပြည်နယ်ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ရုပ်တုတွေတောင်မရှိဘဲ ကျွန်တော်တို့ ပြည်နယ် လွတ်လပ်ရေးနဲ့ မဆိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို မလိုလားပါဘူး။ “ လို့ ခွန်းသောမတ်စ်က Duwun ကိုပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကရင်နီလူငယ်တွေနဲ့ ပြည်သူ ထောင်နဲ့ချီ ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီး ဆန္ဒပြလူငယ်အချို့လည်း တရားစွဲဆိုခဲ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က